နိုက်ထရိုဂျင်ဓာတ်သည် လေထုထဲတွင် ၇၈% မျှပါဝင်ပြီး သက်ရှိအားလုံးအတွက် မရှိမဖြစ်လိုအပ်သော ပရိုတိန်း၊ nucleic acid နှင့် တခြားနိုက်ထရိုဂျင်ဒြပ်ပေါင်းများစွာအတွက် အခြေခံ သက်စောင့်ဓာတ်တပါးပင်ဖြစ်သည်။ ထိုသက်ရှိအားလုံး၏ သက်စောင့်ဓာတ်ကို လေထုထဲမှ တိုက်ရိုက်ရယူခြင်းမဟုတ်ဘဲ အပင်များမှ ရရှိခြင်းဖြစ်သည်။ သို့သော်အပင်များသည်လည်း ထိုနိုက်ထရိုဂျင်သက်သက်ကို စုပ်ယူနိုင်ခြင်းမဟုတ်ဘဲ သွယ်ဝိုက်သောနည်းအားဖြင့် ရရှိခြင်းဖြစ်သည်။ ၎င်းနည်းများမှာ-
၁) သြဂဲနစ်ပစ္စည်းများဆွေးမြေ့ခြင်းဖြစ်စဉ်မှ ရရှိခြင်း
၂) တိရစ္ဆာန်ချေးများမှ တဆင့်ပြန်လည်ရရှိခြင်း
၃) ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်ကို ဟိုက်ဒရိုဂျင်ဖြင့် ဓာတ်လျော့ခြင်းဖြစ်စဉ်မှရရှိသော ဓာတ်မြေသြဇာပုံစံမှ ရရှိခြင်း
၎) မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း ဖြစ်စဉ်မှ လေထဲမှ နိုက်ထရိုဂျင်ဓာတ်များ မြေထဲသို့ ဒြပ်ပေါင်းပုံစံအဖြစ် ရရှိခြင်း
၅) ဇီဝနည်းဖြင့် နိုက်ထရိုဂျင် ဖမ်းယူရရှိခြင်း တို့ဖြစ်ကြသည်။

အထက်ပါနည်းများအနက်မှ ဇီဝနည်းဖြင့် နိုက်ထရိုဂျင်ဖမ်းယူခြင်းနည်းကို ယခုဆောင်းပါးတွင် ဖော်ပြမည်ဖြစ်သည်။ ၎င်းဖြစ်စဉ်ကို ၁၉၀၁ခုနှစ်တွင် Beijerinck ဆိုသူက ဘက်တီးရီးယားအုပ်စုတွင် စတင်တွေ့ရှိခဲ့သည်။ ထိုဘက်တီးရီးယားများသည် Nitrogenase အင်ဇိုင်းကိုအသုံးပြုကာ လေထဲမှ (မြေကြီးထဲရှိ အလွန်သေးငယ်သောလွတ်နေသည့် လေခိုအောင်းနိုင်သည့် နေရများမှလဲ နိုက်ထရိုဂျင်ရှိနိုင်သည်။) နိုက်ထရိုဂျင်ဓာတ်ကို အပင်စားသုံးနိုင်သောပုံစံ ammonia အဖြစ် ဓာတ်လျော့ပေးသည်။ ၎င်း ဘက်တီးရီးယားအုပ်စုတွင် စိမ်းပြာရေညှိ၊ အဇိုတိုဘက်တာ ကဲ့သို့သော ကိုယ်တိုင်အလင်းဖြင့်အစာချက်ခြင်းဖြစ်စဉ်ဖြင့် ရပ်တည်ကြသည့် Cyanobacteria အုပ်စုဝင်များလဲပါဝင်သလို ပဲမျိုးရင်ဝင်အားလုံးနီးပါး (၉၀%)နှင့် သဟဇီဝနကျစွာ အပြန်အလှန်အမှီသဟဲပြုနေကြသည့် ရိုင်ဇိုဘီယမ်ကဲ့သို့သော ဘက်တီးရီးယားများလဲ ပါဝင်သည်။ ယခုဆောင်းပါတွင် ရိုင်ဇိုဘီယမ်အကြောင်း ဆွေးနွေးဖော်ပြသွားမည်ဖြစ်သည်။
နိုက်ထရိုဂျင်ကို အမိုးနီးယားအဖြစ်ပြောင်းဖို့ နိုက်ထရိုဂျီးနေ့စ် (Nitrogenase) အင်ဇိုင်းက ဓာတ်ကူပစ္စည်းအဖြစ် ဆောင်ရွက်ပေးပြီး ဟိုက်ဒရိုဂျင်နဲ့ ဓာတ်လျော့ခြင်းဖြစ်စဉ်ကိုဖြစ်စေသည်။ နိုက်ထရိုဂျင် 1 Mole ကို အမိုးနီးယားအဖြစ်ပြောင်းတိုင်း ATP (Adenosine Triphosphate) 16 Mole လိုအပ်သည်။ အလင်းဖြင့်အစာချက်ခြင်းဖြစ်စဉ်ဖြင့် အသက်ရှင်ကြတဲ့ Cyanobacteria များအတွက် ၎င်း ATP လိုအပ်ချက်အတွက် ကိစ္စမရှိပေမယ့် ရိုင်ဇိုဘီယမ်ကဲ့သို့ ဘက်တီးရီးယားများအတွက် ပဲမြစ်ဖု၏ ၀န်းကျင်မှ ဒီလိုအပ်ချက်ကို ရယူစေသည်။ ဒီနည်းမှရရှိလာသော သြဂဲနစ် အမိုးနီးယားများသည် အပင်အလွယ်တကူစားသုံးနိုင်သော ပုံစံအဖြစ် ရရှိစေပြီး ၎င်း ရိုင်ဇိုဘီယမ်းများကလဲ မိမိလိုအပ်ချက်ဖြစ်သော ကာဗိုဟိုက်ဒရိတ်ပုံစံကို အပင်မှ ရရှိခြင်းဖြင့် သဟဇာတပစ္စယော အတိုင်းဖြစ်စေသည်။
တဆက်တည်း ယူးရီးယားမြေသြဇာ၏ အကျိုးအပြစ်များ ဖော်ပြလိုက်သည်။ ယူးရီးယားမှာ သြဂဲနစ်အမိုးနီးယားကဲ့သို့ အပင်မှ အလွယ်တကူ မစားသုံးနိုင်သည့်အပြင် ရေမှာ ပျော်ဝင်ပြီး အပင်မစားသုံးနိုင်သည့်အခြေအနေမျိုးတွင် ရေအတွင်းဆုံးရှုံသည့် အဖြစ်မျိုး ကြုံရပါသည်။ မိမိကျွေးလိုက်သော ယူးရီးယားမြေသြဇာ၏ ရာခိုင်နှုန်းအားလုံး အပင်အတွင်း မရောက်ရှိဘဲ ရေမှာပျော်ဝင်၍ဖြစ်စေ၊ မြေကြီးအတွင်း တခြားဒြပ်စင်များနှင့်ပေါင်းမိ၍ မြဲသောအခြေအနေသို့ ဖြစ်စေ ရောက်စေပါသည်။
ထိုအခါ မြေအတွင်မြဲနေပါက ထိုမြေဆီလွှာသည် ကြာသောအခါ မြေသေ Dead Soil ဖြစ်သွားပါသည်။ ရေတွင်ပျော်ဝင်သွားပါက မြစ်ချောင်းအင်းအိုင်မှတဆင့် ပင်လယ်သမုဒ္ဒရာထဲ ရောက်ရှိပြီး ရေအတွင်း အောက်ဆီဂျင်ပမာဏ လျော့နဲစေခြင်းကို ဖြစ်စေသည်။ ထိုမှတဆင့် စိမ်းပြာရေညှိကဲ့သို့သော အရာများ ရေနေသတ္တ၀ါများ သေဆုံးသည့် အဖြစ်ကို ရောက်ရှိစေသည်။ ယူရီးယား သုံးစွဲခြင်း၏အပြစ်များကား ဤဆောင်းပါးနှင့် သက်ဆိုင်မှုနည်းသောကြောင့် ဤမျှသာ ဖော်ပြလိုက်ရပါသည်။

Azotobacta စိမ်းပြာရေညှိ ဘက်တီးရီးယားမျိုးနွယ်ဝင်များသည်လည်း နိုက်ထရိုဂျင်ဖမ်းယူပေးသော အုပ်စုအဖြစ် အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ၎င်းအကြောင်း နောက်တွင် အကျယ်တ၀င့်ရေးသားဖော်ပြပါမည်။ ရိုင်ဇိုဘီယမ် ဘက်တီးရီးယား (ပဲမြစ်ဖုမြေသြဇာ)သည် ပဲမျိုးရင်းဝင် အပင်များနှင့် ဆက်စပ်သကဲ့သို့ Azospirilium အုပ်စုသည် မြက်မျိုးရင်းဝင်များသည် ဆက်စပ်မှုရှိသည်။ မြက်မျိုးရင်းဝင်းများမှာ စပါး၊ ဂျုံ၊ ပြောင်း၊ ဘာလီ စသည်တို့ဖြစ်သည်။ ထိုရေညှိဖြင့် တွဲစိုက်ထားသော စပါးခင်းသည် တနှစ်လျှင် တဟက်တာ (၂.၄၇ ဧက)အတွက် နိုက်ထရိုဂျင် ၆၀၀ ကီလိုဂရမ် ဖမ်းယူပေးနိုင်သည်။ ထို့ကြောင့် စပါးအတွက် နိုက်ထရိုဂျင်များစွာပေးစွမ်းနိုင်စွမ်းရှိသော ထိုရေညှိမျိုးကို မွေးယူစိုက်ပျိုးသင့်ပေသည်။
ပဲမြစ်ဖု မြေသြဇာဆိုသည်မှာ ပဲမျိုးရင်းဝင်အပင်များနှင့် ရိုင်ဇိုဘီယမ်ဘက်တီးရီးယားတို့ သဟဇီဝနကျစွာ အပြန်အကျိုးပြုဖြစ်စဉ်မှ ရရှိသောအကျိုးဖြစ်သည်။
ပဲမျိုးရင်းဝင်ဟု ဆိုရာဝယ် ပဲပုတ်၊ ပဲတီစိမ်း၊ ကုလားပဲ၊ မတ်ပဲ စသည်တို့အပြင်၊ ညံပင်၊ ဘောစကိုင်း၊ ကုက္ကိုတို့သည်လဲ ပဲမျိုးရင်းဝင်များဖြစ်ကြသည်။
ရိုင်ဇိုဘီယမ်ဆိုသည်မှာ ပဲမျိုးရင်းဝင်အပင်များ၏ မြစ်ဖုများအတွင်း ကျင်လည်ကျက်စားနေသော ဘက်တီးရီးယားတမျိုးဖြစ်သည်။ ၎င်းသည် အပင်မှ ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်းကို ၎င်းရှင်သန်မှုအတွက် ရယူသည်။ တဖန် ၎င်းမှ လေထုထဲရှိသော N2 နိုက်ထရိုဂျင်အလွတ်နှင့် အပင်မှ ရသော ကာဗိုဟိုက်ဒရိတ် ပေါင်းကာ သဘာဝအမိုးနီးယားပုံစံ (ဂလူတမင်း Glutamine၊ ယူရီအေ့ Ureide) ကဲ့သို့ အပင်အတွက် ပြန်လည်ထုတ်လုပ်ပေးခြင်းဖြင့် အပင်စားသုံးနိုင်သော နိုက်ထရိုဂျင်ပုံစံကို ဖမ်းယူပေးခြင်းဖြင့် အပင်နှင့် ၎င်းအကြား ဟန်ချက်ညီညီ သဟဇီဝနကျစွာ အကျိုးပြုနေကြသည်။ ၎င်း ရိုင်ဇိုဘီယမ်မှ ပဲပင်များအတွက် တနှစ်လျှင် တဟက်တာ (၂.၄၇ ဧက)အတွက် နိုက်ထရိုဂျင် ၂၀၀ မှ ၃၀၀ ကီလိုဂရမ်ကြား စုဆောင်းဖမ်းယူပေးသည်။
ထိုရိုင်ဇိုဘီယမ်များသည် မတူညီသော ပဲပင်မျိုးစိတ်များအတွက် အနည်းငယ်ကွဲပြားမှုရှိကြသည်။ ထိုကြောင့် ပဲမြစ်ဖု မြေသြဇာကို ပြုလုပ်ရာတွင် မိမိစိုက်ပျိုးမည့် ပဲပင်တမျိုးစီအတွက် သီးသန့် ပဲမြစ်ဖုမြေသြဇာများကို ပြုလုပ်သင့်ပေသည်။
ပဲမြစ်ဖု မြေသြဇာများကို ပြုလုပ်ရာတွင် သက်ဆိုင်ရာ ပဲမျိုးအလိုက် ၁ဧကစာအတွက် ရှေးဦးစွာ ၎င်းပဲပင် ၅၀ခန့် ပျိုးဘောင်၌ စိုက်ပျိုးရမည်။ ထိုပဲပင်ကြီထွားလာပြီး ပန်းမပွင့်ခင်အချိန်တွင် အမြစ်ပါနှုတ်ယူ၍ ရေးဆေးပြီး မြစ်ဖုများအား ဇလုံအသန့်အတွင်းသို့ ချွေထဲ့ပါ။ နွားနို့ ၁ပိဿာကို ကျိုချက်ပါ။ ထို့နောက် ခပ်နွေးနွေးဖြစ်တဲ့အထိ အအေးခံပြီး ချွေထားသော ပဲမြစ်ဖုများအား ထည့်ပါ။ နွားနို့ ၁ပိဿာဆိုလျှင် ပဲမြစ်ဖု ချွေပြီးသား ၁ပိဿာနီးပါး ရှိလျှင် ပိုကောင်းသည်။ ပဲမြစ်ဖုအတွင်းမှ ရိုင်ဇိုဘီယမ်များ နွားနို့အတွင်း ပွားများလာပါစေ။ တပတ်ခန့် စဥ့်အိုးအတွင်း ၄ပုံ ၃ပုံစာလောက်ထည့်ထားပါ။ စဥ့်အိုး၏ ၄ပုံ၁ပုံစာကို လေဟာနယ်အဖြစ်ထားပါ။ အပေါ်ပိုင်းကို လေလုံအောင် ပလက်စတစ်အိတ်မဲဖြစ် စီးထားပါ။ အရိပ်ရ၍ အေးသောနေရာတွင်းထားပါ။ ရာသီဥတု ပူလျှင် ၅ရက် အေးလျှင် ၁၀ရက်ခန့်ကြာတတ်သည်။ ထို့သို့ပွားပြီးသော ပဲမြစ်ဖုရည်ကို မြေသြဇာအိတ်ငယ်များဖြင့် ထပ်ဆင့်ပွားယူနိုင်သည်။ ပွားယူပုံမှာ အုန်းဆံဖတ် အမွအဆွေး (သို့မဟုတ်) ကောက်ရိုး ၅အိတ်၊ ဖွဲနု ၁အိတ်၊ စက်ဖွဲပြာ ၂အိတ်၊ နောက်ချေးဆွေး ၃အိတ်၊ သဘာဝမြေဆွေး ၂အိတ် ရောစပ်ထားသော သဘာဝမြေသြဇာပုံတွင် ပဲမြစ်ဖုရည်ကို နှံ့အောင်ဖြန်းနိုင်သည်။ (လိုအပ်က ရေထပ်ရောနိုင်သည်။) လက်ဖြင့်လုံးလျှင် လုံးလို့ရပြီး လက်ညိုးဖြင့်ထိုးလိုက်လျှင် ထိုမြေလုံးမှ နစ်ဝင်မသွားဘဲ မြေလုံးကွဲသွားရမည့် အနေအထားမျိုးဖြစ်အောင် အစိုဓာတ်ကို ပျံ့နှံ့စေရမည်။ ထို့သို့ သမအောင်မွှေးပြီးသော မြေသြဇာများကို ငှက်ပျောရွက်ဖြင့်အုပ်၍ အေး၍ အရိပ်ရသောနေရာတွင် ၅ရက်ခန့်ထားရမည်။ ထို့သို့ ၅ရက် ၁ပတ်ခန့်ထားပြီးသော ပဲမြစ်ဖုမြေသြဇာများသည် အိတ်သွတ်၍ သိမ်းထားနိုင်သည်။ ပြုလုပ်ပြီး ချက်ချင်းသုံးနိုင်လေ ထိရောက်လေဖြစ်သည်။ သိမ်းသည့်နေရာသည် အေး၍ အရိပ်ရပါက အလွန်ဆုံး ၆လအထိ အထားခံသည်။
မျိုးစေ့များလူးနယ်ချိန်၊ မျိုးစေ့မချမီ မြေပြင်ချိန်၊ မျိုးစေ့များကြဲပြီး ၁၀ရက်ခန့်ကြာချိန်၊ ပန်းမပွင့်မီအချိန်အထိ အရွက်၏ နိုက်ထရိုဂျင်လိုအပ်ချက်ကို ကြည့်၍ လိုသလို ပဲမြစ်ဖုမြေသြဇာများကို ဖြန်းနိုင်သည်။ အကောင်းဆုံးမှာ မျိုးစေ့မကျဲမီ မြေပြင်ချိန်၊ မျိုးစေ့လူးနယ်ချိန်တွင် များများထည့်ပေးခြင်းက အထိရောက်ဆုံးဖြစ်သည်။
ပဲပင်များနှင့် ရိုင်ဇိုဘီယမ်းအကြား ဆက်သွယ်မှုဖြစ်စဉ်သည် ပဲပင်များ မြစ်ဖုစထွက်သည်မှ ပန်းပွင့်ချိန်အထိဖြစ်သည်။ ပန်းပွင့်သည့်အခါတွင် အပင်မှ ကာဗိုဟိုက်ဒရိတ်ဓာတ်များကို ပန်းပွင့်ခြင်း၊ အသီးတင်ခြင်းကိစ္စများအတွက် ပံ့ပိုးပေးရတော့မည်ဖြစ်သောကြောင့် အမြစ်ဇုန်သို့ မပို့ပေးနိုင်တော့ဘဲ ရိုင်ဇိုဘီယမ်များလဲ အစာဆက်လက်မရရှိတော့သဖြင့် အပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်ကို ဆက်လက်မပံ့ပိုးပေးနိုင်တော့ချေ။ ထိုအချိန်မျိုးတွင် အရွက်များ အ၀ါလိုက်လာပါက ယမ်းစိမ်း (ပိုတက်စီယမ် နိုက်ထရိတ်) ကဲ့သို့ ရွက်ဖြန်းမြေသြဇာများကို ဖြန်းပေးသင့်သည်။ အပွင့်ပွင့်ခါနီးအချိန်များတွင် ၀တ်မှုန်ကူးခြင်းကိစ္စ အဆင်ပြေစေရန်အတွက် Boron အရွက်ဖြန်းမြေသြဇာများလဲ ဖြန်းပေးသင့်သည်။ လက်ချားသည် Boron ပေးသော သဘာဝမြေသြဇာဖြစ်သည်။ အသီးတင်စေရန် ကယ်စီယမ်းထုံးဓာတ်ထည့်သွင်းပေးခြင်းသည်လည်း အရေးပါသော ကိစ္စဖြစ်ပေသည်။ ဤတွင်ပဲပင်များအတွက် လိုအပ်သော သိသင့်သည်များကို တခန်းတကဏ္ဍ ဖော်ပြ၍ပြီးလေသည်။

ပုံ (၁) အတွက်
NC17 နှစ်ပင်စလုံးသည် ပဲမြစ်ဖုရှိသောမျိုးပင်များဖြစ်သည်။
NC 17 မှ uninoc. သည် ပဲမြစ်ဖုမြေသြဇာ မပါဝင်ဝင်သောအပင်ဖြစ်သည်။
NC 17 မှ 32H1 သည် ပဲမြစ်ဖု မြေသြဇာ ပါဝင်သောအပင်ဖြစ်သည်။

NONNOD နှစ်ပင်စလုံးသည် ပဲမြစ်ဖုမပါအောင်မျိုးဗီဇပြင်ထားသော အပင်များဖြစ်သည်။
NONNOD မှ 32H1 သည် ပဲမြစ်ဖုမြေသြဇာ ပါဝင်သောအပင်ဖြစ်သည်။
NONNOD မှ uninoc. သည် ပဲမြစ်ဖုမြေသြဇာ မပါဝင်ဝင်သောအပင်ဖြစ်သည်။
၎င်းစမ်းသပ်ချက်မှ ပဲမြစ်ဖုမြေသြဇာနှင့် ပဲပင်တွင်ပါရှိသော မြစ်ဖုတို့ အပြန်အလှန်ဆက်စပ်မှုရှိကြမှသာ အပင်ဖြစ်ထွန်းကြောင်း သက်သေပြသည်။

ခင်မင်တဲ့
ကိုဝေအောင်
ကိုဝေအောင်
No comments:
Post a Comment