Monday, February 26, 2018
ဘေဘီ(၁).....
ဘွား ရေးသည်
အဝေးပြေး လမ်းမကြီး ပေါ်က တခုသော နားနေစခန်း ။
အပြာရောင် တောက်တောက် နီယွန်မီးစာလုံးနဲ့ ပင်လယ်ပြာ စားသောက်ဆိုင် BLUE SEA Restaurant လို့ ဆိုင်းဘုတ်လေး ကို အဝေးကနေ မြင်နေရသည် ။
ဒီ စားသောက်ဆိုင်လေးသည် နေ့အချိန်မှာ အရမ်းကို ရောင်းကောင်းတဲ့ ဆိုင်လေး ဖြစ်သည် ။
ည၁၀နာရီ ထိုးပြီးသွားပြီ ။
ပင်လယ်ပြာပြာ စားသောက်ဆိုင်မှာ လူပါးသွားသည် ။ အဝေးပြေး ဘတ်စ်ကားကြီးတွေ ထိုးဆိုက်လာရင်တော့ ကပ်စတန်မာတွေနဲ့ ပြန် စည်ကားတတ်သည် ။
နေ့ အချိန်မှာ အပြာရင့်ရောင် ယူနီဖေါင်းဝတ် ဆိုင် ၀န်ထမ်းလေးတွေ အများကြီး ၀န်ဆောင်မှု ပေးနေတာကို တွေ့နိုင်ကြပေမယ့် ညဉ့်နက်လာတဲ့အခါ ကပ်စတန်မာ ပါးသွားတာမို့ ၀န်ထမ်းအင်အား ကို လျော့ချပစ်လိုက်တာကို တွေ့ကြရသည် ။
ငွေရှင်းကောင်တာမှာ အပြာရင့်ရောင် စပို့ရှပ် လက်တိုကို ၀တ်ထားတဲ့ ခပ်ဖိုင့်ဖိုင့် လူတယောက် ရှိနေသည် ။ သူ့ရဲ့ စပို့ရှပ် ဘယ်ဖက် ရင်ဘတ်မှာ ပလပ်စတစ် အနက်ရောင် နံမည်ရင်ထိုးပြားလေး ရှိနေသည် ။ စာလုံး အဖြူရောင်နဲ့ Ko Toe ( ကိုတိုး ) တဲ့ ။ ဒီဆိုင်ရဲ့ ညဆိုင်း မန်နေဂျာ ..။
ဒီလူသည် ၀ါးကနဲ သန်းဝေလိုက်ပြီး အကြောဆန့်လိုက်ရင်း ဆိုင် ၀င်ပေါက်ဖက်ကို လှမ်းကြည့်လိုက်ရင်း “ စန်ဒီရေ...ကပ်စတန်မာ လာတယ်..” လို့
အော်ပြောလိုက်သည် ။
ဆိုင် အတွင်းဖက်က ဆယ်ကျော်သက် ကောင်မလေး တယောက် ပြေးထွက်လာသည် ။ ဆံပင် တိုတို နက်နက် ..အသားဖွေးဖွေး နဲ့ ကောင်မလေး ။ အပြာရင့်ရောင် စပို့ရှပ်လေးနဲ့ အပြာရင့်ရောင် စကပ်လေးကို ၀တ်ထားတဲ့ စန်ဒီ ဆိုတဲ့ ချောချော ကောင်မလေးသည် ဆိုင်ဝကို လှမ်းကြည့်လိုက်သည် ။
ဟုတ်သည် ။ မန်နေဂျာ ကိုတိုး ပြောတာ မှန်သည် ။
ဆိုင်ထဲကို ကပ်စတန်မာ တယောက် ၀င်လာနေသည် ။ စန်ဒီရဲ့ မျက်နက်ဝန်းလေးတွေ သည် ကပ်စတန်မာကို ငေးစိုက်မိသွားသည် ။ စန်ဒီရဲ့ ရင်တွေ
အခုံမြန်သွားသည် ။
အရမ်းချောတဲ့ ဒီဇိုင်းလန်းလန်း ကောင်လေး တယောက် ဖြစ်နေလို့ ။
ဖွာလန်ကျဲနေတဲ့ သူ့ဆံပင်ရှည်တွေက သူ့မျက်နှာနဲ့ လိုက်သည် ။ မျက်ခုံးမွေး ခပ်ထူထူ နှာတန်ပေါ်ပေါ်နဲ့ သူ့မျက်လုံးတွေက မိန်းမတွေကို ညှို့ယူနိုင်တဲ့ မျက်လုံးတွေ ။ သူ့ကိုယ်ဟန်က အရပ်မြင့်ပိန်ပါးပါးမို့ ၀တ်ထားတဲ့ အပြာရောင် ဂျင်းဝတ်စုံနဲ့ လိုက်ဖက်သည် ။ ချပ်ရပ်တဲ့ ၀မ်းပျင်နဲ့ ကျစ်လစ် အချိုးကျတဲ့ ပေါင်တန်တွေကြောင့် ကြည့်ကောင်းနေသည် ။
စန်ဒီသည် ဆိုင်အပေါက်ဝနားက စားပွဲမှာ ၀င်ထိုင်လိုက်တဲ့ သူ့ဆီကို တန်းတန်းမတ်မတ် လျောက်သွားလိုက်သည် ။ သူက ကားသော့ကို စားပွဲပေါ်ကို ချလိုက်ပြီး စန်ဒီ့ကို ကြည့်လိုက်သည် ။
ကားသော့တွဲနဲ့ စားပွဲ ထိတွေ့လိုက်တဲ့ အသံကြောင့် စန်ဒီလည်း ကားသော့တွဲကို ဘာရယ် မဟုတ် ကြည့်မိလိုက်သည် ။ သားရေပြားသော့ချိတ်လေးနဲ့ ကားသော့က တွေ့ဖူးနေကျမျိုး မဟုတ်ဘဲ လေးထောင့်စပ်စပ်လေး ။ သားရေပြားလေးမှာ အနက်ရောင် BENZ ဆိုတဲ့စာလုံးတွေက ထင်းနေသည် ။
“ ဘာ သုံးဆောင်ပါမလဲရှင်....” လို့ မေးလိုက်ရင်း ဆိုင်မှာ ရနိုင်တဲ့ အစားအသောက် စာရင်း (မီးနူး )စာအုပ်လေးကို သူ့ရှေ့က စားပွဲပေါ်ကို တင်ပေးလိုက်သည် ။ စန်ဒီ့ ခေါင်းထဲမှာ အလုပ်များသွားသည် ။
သူ့ရုပ်ကို ကြည့်ပြီး သူ့အသက်ကို ခန့်မှန်းကြည့်လိုက်သည် ။ သူ..သူ..စန်ဒီနဲ့ ရွယ်တူတော့ မဟုတ်လောက်ဘူး ။ စန်ဒီ့ထက် နှစ်နှစ် သုံးနှစ်လောက် ပိုကြီးလိမ့်မည် ။
သူကလည်း စန်ဒီ့ကို ခြေဆုံးခေါင်းဆုံး ကြည့်နေသည် ။ ပြီးတော့ သူ့ဖါသာ တယောက်ထဲ စကားတွေ တိုးတိုးလေး ပြောသည် ။ စန်ဒီ ကြားလိုက်သလို ရှိတာက အရမ်းလှတာဘဲကွာ....လို့ ။
စန်ဒီလည်း မသိချင်ယောင်ဆောင်နေလိုက်သည် ။ ဒါမျိုး မထိတထိ ပြောတာတွေက အပျိုဖေါ်ဝင်ကထဲက ကြုံခဲ့ဘူးရတာ မရေမတွက်နိုင်တော့ဘူးလေ ။
မီးနူးစာအုပ်ကို သူ မတို့မထိဘဲ “ ပုဇွန် ဂဏန်းနဲ့ ထမင်းကြော် ရတယ် မဟုတ်လား.....” လို့ မေးသည် ။
“ ရပါတယ်...တခုခု သောက်အုံးမလား......”
“ ပက်စီ တဘူးလောက်.....”
“ ဟုတ်....”
စန်ဒီ သူ့ရှေ့က ပြန်လှည့်ထွက်ခဲ့သည် ။ သူ စန်ဒီ့နောက်ကျောကို စိုက်ကြည့်နေမယ် လို့ ထင်မိသည် ။ ဆိုင်အတွင်းခန်း ထဲကို အ၀င်မှာ ဖျတ်ကနဲ လှည့်ကြည့်လိုက်မိသည် ။
ဟုတ်သည် ။
သူ...သူ...သူ....စန်ဒီ့ကို ငေးစိုက်ကြည့်နေသည် ။
စန်ဒီ ရင်ခုံတာ အရမ်းဘဲ ။
သူ့ကို မြင်မြင်ချင်း စန်ဒီ သဘောကျမိသွားသည် ။စန်ဒီ့ စိတ်ကူးထဲက ချစ်သူ ပုံစံ ။ စားဖိုမှူး ဦးရန်ကင်း ကို သူ့အတွက် ပုဇွန် ဂဏန်း ထမင်းကြော် မှာလိုက်ပြီး အအေးဘူးတွေ ထားတဲ့ မှန်တံခါးနဲ့ ရေခဲသေတ္တာထဲကနေ ပက်စီ တဘူးကို ထုတ်ယူလိုက်သည် ။
စန်ဒီ့ပါစပ်က တိုးတိုးလေး..“ မြင်မြင်ချင်းပင် ဘာကြောင့်များ ချစ်ချင်တယ်...” လို့ တိုးတိုးလေး သီချင်း ဆိုလိုက်တာကို ထိုင်နေတဲ့ မန်နေဂျာ ကိုတိုးက ကြားလိုက်လို့ မျက်မှောင်ကြီး ကုတ်လို့ မော့ကြည့်သည် ။ ဆိုင်ရှေ့က တယောက်ထဲသော ကပ်စတန်မာ ကောင်လေးကိုလည်း တချက် လှမ်းကြည့်လိုက်သည် ။
စန်ဒီက ပက်စီဘူးနဲ့ စုတ်တံလေးကို ကိုလူချောလေး အရှေ့မှာ သွားချပေးလိုက်သည် ။ သူ့ပါးစပ်က “ သိုင်းကရူး..” လို့ ပြောတာလေးကို စန်ဒီ ကြားလိုက်ရသည် ။ သူ့ကို ကြည့်ရတာ အထက်တန်းစား လူချမ်းသာ မိသားစု အသိုင်းအ၀ိုင်းက ဖြစ်လိမ့်မည် လို့ စန်ဒီ ခန့်မှန်းကြည့်လိုက်သည် ။ ဆိုင်အတွင်းဖက်ကို ပြန်လျောက်လာတဲ့အချိန် သူ့နံမည်ကို သိချင်တဲ့ စိတ်တွေ ဖြစ်လာသည် ။ စန်ဒီ့နံမည်ကတော့ ရင်ဘတ်မှာ ပလပ်စတစ်ပြားလေးနဲ့ ချိတ်ထားတာမို့ သူ တွေ့မှာဘဲ ။
စားဖိုမှူးဦးရန်ကင်းက ထုံးခွမ်း ခလောင်း ဆိုတဲ့ အသံမျိုးစုံ ထွက်အောင် ပင်လယ်စာ ထမင်းကြော်ကို ကြော်နေသည် ။ မွှေးပျံ့တဲ့ အနံ့အသက်က စန်ဒီ့ကို ဘိုက်ဆာစေသည် ။ တခါတလေ ဦးရန်ကင်းက စိတ်သဘော ကောင်းနေရင် စန်ဒီတို့အတွက် နည်းနည်းပါးပါး ပိုကြော်ပေးထားတတ်သည် ။ အလုပ်ပါးသွားတာနဲ့ “ သမီးတို့ ..စားကြ..စားကြ ” ဆိုပြီး ကျွေးတတ်သည် ။
“ ရပြီဟေ့..စန်ဒီ.....”
စားဖိုမှူး ဦးရန်ကင်းသည် စန်ဒီကို ထူးဆန်းသလို အကြည့်နဲ့ ကြည့်သည် ။
ခါတိုင်းဆိုရင် ချက်ကြော်ပြီးရင် ဘဲလ်လေး တင်ကနဲ နှိပ်ပြီး စန်ဒီ့ကို ခေါ်ရသည် ။ ဒီနေ့ ဒီအတခါတော့ စန်ဒီသည် သူကြော်နေတဲ့ အချိန် မီးဖိုခန်းရဲ့ ပြူတင်းပေါက်လေးနားမှာ ရပ်စောင့်နေလို့ပါ ။
“ ဦးလေးကြီး..ပိုကြော်လိုက်သေးလား.....”
“ အေး..နည်းနည်း ရှိတယ်....ဒါ သွား ချပေးပြီးရင် လာခဲ့လေ....”
“ ဟေး.....သိုင်းကျူး.....ဦးလေးကြီး........”
မွှေးပျံ့နေတဲ့ ပင်လယ်စာ ထမင်းကြော်ကို ဘန်းကလေးနဲ့ ထည့်ပြီး အပြင်က ကိုကိုလူချောလေး ဆီကို စန်ဒီ ထွက်ခဲ့လိုက်သည် ။ သူ့အရှေ့က စားပွဲပေါ်ကို ညင်ညင်သာသာလေး ချပေးလိုက်ပြီး
“ ဘာလိုသေးလဲဟင်.....လိုတာပြောနော်...ခေါ်လိုက်..စန်ဒီ့ကို......” လို့ ပြုံးပြုံးလေးနဲ့ သူ့ကို ပြောလိုက်သည် ။
သူက ပြုံးပြီး ခေါင်းညှိမ့်ပြရင်း “ ကျေးဖူးဘဲ....” လို့ ခပ်တိုးတိုးလေး ပြန်ပြောသည် ။ မီးဖိုခန်းကို ပြန်ခဲ့လိုက်သည် ။
ဦးရန်ကင်း ချန်ထားပေးတဲ့ ထမင်းကြော်ကို သွားစားဖို့ သွားတာပါ ။ သူစားနေတဲ့ ထမင်းကြော်ဘဲလေ။ တအိုးထဲ ကြော်တဲ့ ထမင်းကြော်ကို သူနဲ့ စန်ဒီနဲ့ တချိန်ထဲမှာ စားနေတာ ။ သူက အပြင်က စားသောက်ခန်း က စားပွဲတလုံးမှာ ထိုင်စားနေတာ ။ စန်ဒီကတော့ မီးဖိုခန်းထဲမှာ မတ်တပ်ရပ်ရက်လေး စားနေတာ ။
“ ဘယ်လိုလဲ ကောင်းလား..ကလေးမ.....”
ဦးရန်ကင်းက လှမ်းမေးတာကို “ အိုး..အရမ်းအရမ်းကို ကောင်းတာဘဲ ...ဦးလေးကြီးရေ..ကျေးဇူးတင်တယ်နော......” လို့ ပြန်ပြောရင်း ပြည်ကြီးငါး ဖတ် ဖြူဖြူလေးကို ခက်ရင်းနဲ့ ထိုးကောက်ပြီး ပါးစပ်ထဲကို ပို့လိုက်သည် ။
ဦးရန်ကင်းက ပြုံးနေသည် ။
ဒီလူကြီးက သိပ် သဘောကောင်းသည် ။ အချက်အကြော်ကလည်း ပထမတန်းစားဘဲ ။ သူက အရင်က ထိုင်းစားသောက်ဆိုင် တဆိုင်မှာ စားဖိုမှူး အကြာကြီး လုပ်ခဲ့သည် ။ သူ ချက်တဲ့ ငါးခူနဲ့ အုံးနို့ဟင်းက တအားကောင်းသည် ။ ငါးခူ အတုံးလေးတွေ ကြော်ပြီး အုံးနို့ဟင်း လောင်းလိုက်တာ...။ ထိုင်း စတိုင်ပေါ့ ။
ကောင်တာက မန်နေဂျာ ကိုတိုးက “ စန်ဒီရေ..ကပ်စတန်မာ စားပြီးနေပြီ.......” လို့ လှမ်းပြောလိုက်လို့ စန်ဒီ အပြင်ခန်းကို ပြန်ထွက်ခဲ့သည် ။ ပါးစပ်ကို စက္ကူလက်သုတ်ပုဝါလေးနဲ့ တို့သုတ်ပြီး ။
ကိုတိုး ဆီက အနက်ရောင်ပလပ်စတစ် ခွက်ပြားလေး ထဲ ထည့်ထားတဲ့ ကျသင့်ငွေ ဘီလ်စာရွက်လေးနဲ့ ကိုလူချောဆီကို ပြန်ထွက်ခဲ့သည် ။
သူ့ရှေ့ကို ချပေးလိုက်တော့ သူက စာရွက်ပေါ်က ကိန်းဂဏန်းကို တချက် ကြည့်လိုက်ပြီး ဘောင်းဘီအိတ်ထဲကနေ ပိုက်ဆံတွေ ထုတ်ယူသည် ။
“ စားလို့ အဆင်ပြေလားဟင်.....”
“ ပြေတယ်....ကောင်းတယ်...နံမည်က စန်ဒီလား ....”
“ ဟုတ်...သူ..သူ...အကို့နံမည်ကကော..ဘာလဲ........”
“ ဒို့နံမည်က ဘေဘီ ....”
“ ဘေဘီ..ဟုတ်လား......”
“ အင်း.....ဘီ..အေ..ဘီ..၀ိုင်.....ဘေဘီ...”
စန်ဒီ ရယ်ချင်သွားသည် ။ ။မိန်းမ နံမည်ကြီး.....။ မိန်းကလေးတွေကိုဘဲ ပေးတဲ့ နံမည်လို့ ထင်သည် ။
စိတ်ထဲမှာ ရွတ်ကြည့်သည် ။ ဘေဘီ...ကိုဘေဘီ..ဟီး..ခေါ်ရတာ တမျိုးကြီးဘဲ......။
“ သွားအုံးမယ်..နောက် တွေ့မယ်......ဆီးယူး.....”
“ ဟုတ် အကို...ဆီးယူးပါ.....”
စန်ဒီ ..သူ့ကို တော်တော်လေး ကြာအောင် ငေးကြည့်နေမိသည် ။ ဆိုင်ထဲက ထွက်သွားတဲ့ သူက တောက်ပြောင် သစ်လွင်တဲ့ ကားနက်ကြီးဆီကို
လှမ်းလျောက်သွာတာကို မြင်လိုက်ရသည် ။
သူ နောက်ထပ် လာစားပါစေ လို့ စိတ်ထဲမှာ ဆုတောင်းလိုက်သည် ။ စန်ဒီ သူနဲ့ ထပ် တွေ့ချင်နေသည် ။ည ရှစ်နာရီ ဆယ်မိနစ် ။
စန်ဒီ စက္ကူလက်သုတ်ပုဝါတွေကို ခေါက်နေတုံး ညဆိုင်း မန်နေဂျာ ကိုတိုးက “ စန်ဒီ..စားပွဲ ခြောက်ကို သွား ရှင်းလိုက်အုံး.....” လို့ လှမ်းပြောလိုက်လို့
ဆိုင်ရှေ့ဖက်က စားပွဲတွေကို စန်ဒီ မော့ကြည့်လိုက်သည် ။
စားပွဲခြောက်သည် ညစ်ပတ်ပေပွနေသည် ။ စောစောက ဒီ စားပွဲမှာ စားကြတဲ့ မိသားစုက ကလေးတွေက တော်တော် သောင်းကျန်းသည် ။ စားပွဲပေါ်မှာလည်း ဟင်းတွေ ထမင်းတွေ ဖိတ်ကျနေသလို ထိုင်ခုံတွေ အပေါ်မှာလည်း ရေတွေ အချိုရည်တွေ ဖိတ်ပေ နေသည် ။
စန်ဒီ မီးဖိုခန်း အ၀င်ဝ နားက သန့်ရှင်းရေး လုပ်တဲ့ ပစ္စည်းတွေကို ထယူလိုက်ပြီး စားပွဲခြောက်ဆီကို သွားလိုက်သည် ။ စိတ်ပါလက်ပါ ရှင်းလင်း သုတ်သင်နေတဲ့အချိန် ရုတ်တရက် အနောက်ကနေ “ စန်ဒီ....” လို့ ခေါ်လိုက်တဲ့ အသံကြောင့် စန်ဒီ လန့်သွားသည် ။ လှည့်ကြည့်လိုက်တော့ ...သူ....နံမည်အဆန်းနဲ့ သူ....။
ဘေဘီ ..။
“ ဟယ်...ဘေဘီ....”
“ ဟုတ်တယ်...ဘေဘီ...စန်ဒီ.....”
“ ထိုင်....ထိုင်ပါ....ကြိုက်တဲ့ စားပွဲသာ ထိုင်...ဟီး......ဘယ်သူမှ မရှိဘူး . . ”
ဘေဘီသည် ဟိုတနေ့က ဂျင်းအပြာရောင်နဲ့ ဒီဇိုင်းမျိုး မဟုတ်ဘူး ။ ဒီနေ့ သူ ၀တ်လာတာက ဂေါက်ကွင်းက ဂေါက်ရိုက်ပြီး ပြန်လာတဲ့ ဒီဇိုင်းမျိုး ။ ဘယ်ဖက် ရင်ဘတ်မှာ အပြာရောင် မြင်းစီး ပိုလိုရုပ်လေးနဲ့ စပို့ရှပ် လက်တို အဖြူရောင်....ပေါင်တဖက်မှာ အစိမ်းရောင် မိချောင်းရုပ်လေး ပါတဲ့ဒူးဆစ်လောက် အရှည် ဘောင်းဘီတို အဖြူဆွတ်ဆွတ် ..ဖိနပ်က အနီစင်းလေး သုံးစင်း ပါတဲ့ အဲဒီးဒတ်စ် ဖိနပ် ။
ဘယ်လက်မှာက သားရေကြိုး အညိုလေးနဲ့ အဖြူရောင် ဒိုင်ကွက်နဲ့ နာရီ အ၀ိုင်းလေး ပတ်ထားသည် ။
“ ခဏနော်..ဒါတွေ သွား ထားလိုက်အုံးမယ်...ဘာစားမလဲ ဘေဘီ...မီးနူးစာအုပ်လေး ယူခဲ့ပေးမယ်.....”
“ ရတယ်..စန်ဒီ...အေးဆေး လုပ်ပါ ...”
သန့်ရှင်းရေး လုပ်တဲ့ ပစ္စည်းတွေကို သူ့နေရာသူ ပြန်ပို့လိုက်ပြီး မိးဖိုခန်းထဲက လက်ဆေးကြွေခွက်မှာ ဆပ်ပြာရည်နဲ့ လက်တွေကို ကျကျနန ဆေးကြောလိုက်ပြီးမှ
မီးနူးစာအုပ်လေးနဲ့ ဘေဘီ့ဆီကို ပြန်လျောက်သွားလိုက်သည် ။
ဘေဘီက အပြုံးလေးနဲ့ ဆီးကြိုနေသည် ။ သူများရဲ့ ရင်တွေ တုံသွားရတဲ့ အကြည့်တွေ...ကွာ ။ စန်ဒီလည်း သူ့ရှေ့မှာ ရပ်ပြီး မီးနူးကို သူ့ရှေ့က စားပွဲပေါ်ကို ချပေးလိုက်သည် ။
“ မလာတာ ကြာပြီနော်...”
“ ဟုတ်တယ်....မအားလို့...”
“ ဘေဘီက ကျောင်းသားလား....အလုပ်လုပ်လား . . .”
သူနဲ့ တွေ့ရင် မေးမယ်လို့ ပြင်ထားတဲ့ မေးခွန်းကို အလောတကြီး မေးလိုက်မိသည် ။ မှားများသွားသလား ။ ဘေဘီက “ ဒို့က အလုပ်လုပ်တယ်....” လို့ ဖြေသည် ။ “ ဘာ အလုပ်လုပ်လဲဟင်...” လို့ စန်ဒီက ထပ် မေးသည် ။
ဘေဘီက “ ကားမောင်းတယ်....ဒရိုင်ဘာ အလုပ်ပေါ့....” လို့ ဖြေသည် ။ စန်ဒီက သူ နောက်နေတယ် လို့ ထင်လိုက်သည် ။ သူ့ရုပ်က ကားဒရိုင်ဘာ ပုံ မပေါက်ဘူး ။ နံမည်ကြီး ဖက်ရှင် ဒီဇိုင်း အ၀တ်တွေ ၀တ်ထားတဲ့ သူဌေးသား ပုံ မဟုတ်လား ။
“ ဘာလဲ..စန်ဒီက မယုံဘူးလား....တကယ် ..ဒို့က ကားမောင်းတဲ့ အလုပ် လုပ်တယ် ...”
“ ဟုတ်..အင်းလေ..ကောင်းတာပေါ့....ဘီလျံနာကြီးတယောက်ရဲ့ ကားကို မောင်းတာလား ဘေဘီ...”
“ အဟင်း...ဆိုပါတော့.....”
“ ဘေဘီ့ကို ဘာ မှာပေးရမလဲဟင်.....”
“ ဒီတခါ . .ကြေးအိုး စားမယ်...ရတယ် မဟုတ်လား....”
“ ရတယ်..ဘေဘီ....၀က်လား..ကြက်လား...အရောလား...ဘယ်လို စားချင်လဲ...”
“ ကြာဇံနဲ့ပုံမှန် ..၀က်နဲ့ပေါ့....”
“ ဟုတ်ပြီ..ဘာသောက်မလဲ....”
“ ရေသန့်တဘူး . . . ”
“ ခဏစောင့်နော်..သွားမှာလိုက်အုံးမယ် . . ”
သူ့ဆီက ထွက်လာတဲ့အချိန် စန်ဒီ့ နောက်ပိုင်းကို သူ စိုက်ကြည့်နေအုံးမှာဘဲ လို့ တွက်ဆမိပြီး မီးဖိုခန်းထဲကိုအ၀င်မှာ ဖျတ်ကနဲ မသိမသာ လှည့်ကြည့်လိုက်သည် ။ စန်ဒီ ထင်တဲ့အတိုင်းဘဲ သူ စန်ဒီ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်သည် ။
ဘာလို့မှန်း မသိဘူး ။ သူ့ကို ပြန်တွေ့ရတာ စန်ဒီ အရမ်း ပျော်မိသည် ။ သူနဲ့ စကားပြောချင်မိနေခဲ့တာ ။ သူ ပြန်ပေါ်မလာတော့ဘူးလို့ ထင်နေတာ ။ ပထမ တခါ သူ လာစားသွားပြီး ခြောက်ရက် တိတိ အကြာမှာ သူ ပြန်ရောက်လာသည် ။
ဒီည အတွက် စားဖိုမှူးက ကိုငြိမ်းမောင်ရင် ။
သူနဲ့ စန်ဒီက အကြောမတည့်ဘူး ။ သူက ဘုသမားကြီး ။
“ ကြာဇံ ၀က်ကြေးအိုး...ပုံမှန် တပွဲ ….. ” လို့မှာပြီး ရေခဲသေတ္တာထဲက ရေသန့်တဘူးကို သွား ထုတ်ယူလိုက်သည် ။
ဘေဘီ့စားပွဲကို ပြန်လာခဲ့သည် ။ ဘေဘီသည် ပြုံးပြီး စန်ဒီ့ကို စိုက်ကြည့်နေသည် ။ ရေဘူးကို သူ့ရှေ့ကို ချလိုက်တဲ့အချိန်..“ ဘေဘီကကော စန်ဒီ့ကို သိချင်တာလေးတွေ မေးလို့ ရမလားဟင်...” လို့ သူက စန်ဒီ့ကို ပြောလိုက်သည် ။ စန်ဒီကလည်း သူမေးတာကို ခံချင်နေတဲ့သူပါ ။
“ မေးလေ...ဘာမေးချင်လဲ..” လို့ ပြုံးပြုံးလေးနဲ့ ပြန်ပြောလိုက်သည် ။
“ စန်ဒီ..ဘယ်မှာ နေလဲ.....ဘယ်ရက်တွေ အလုပ် နားလဲ.....ချစ်သူ ရှိသလား......စန်ဒီ ဘာတွေ ကြိုက်သလဲ..ဘာ
တွေ မကြိုက်ဖူးလဲ..စန်ဒီနဲ့ ပတ်သက်တာဆို အကုန် သိချင်တယ်....အဲ..စန်ဒီက သိခွင့်ပေးမယ် ဆိုရင်ပေါ့လေ..”
“ ဟီး...ဖြေရမှာတွေက အများကြီးဘဲ...စန်ဒီ အလုပ် နားတာက တပတ် တရက်ဘဲ.....တနလ်ာနေ့ တနေ့လုံး နားတယ်....နေတာက ဒီဆိုင်နဲ့ သိပ် မဝေးဘူး.......လမ်းလျောက်သွားလို့ ရတဲ့ အကွာအဝေး . .ခိ....ချစ်သူ......အင်း ချစ်သူ....မရှိသေးဘူး …. ”
သူ့မျက်နှာက ကျေနပ်သွားတဲ့ ပျော်သွားတဲ့ ပုံ ရှိသည် ။
“ ဘေဘီကော...ချစ်သူ ရှိလား . . ”
ပါးစပ်က ဘယ်လိုဘယ်လို ထွက်သွားမိသလဲ မသိ ။ မေးပြီးမှ ငါ မေးမိတာ မှားသွားသလား နောင်တ ရသည် ။
ဘေဘီက “ မရှိဘူး ...ရှိချင်နေတယ် ...” လို့ တိုးတိုးလေး ပြောလိုက်သည် ။
စန်ဒီ ရင်တွေ တအား ခုံနေသည် ။
တိန်....
မီးဖိုထဲက ဘဲလ်သံလေး နဲ့အတူ ညဆိုင်း မန်နေဂျာ ကိုတိုးရဲ့ “ စန်ဒီ....ကြေးအိုး ရပြီ.....” လို့ လှမ်း အော်လိုက်တာကို ကြားလိုက်ရသည် ။
“ ခဏနော်..ဘေဘီ..သွားယူလိုက်အုံးမယ် . .”
သူ့ကို ဒီတခါမှာမှ ဒုတိယအကြိမ် တွေ့ဘူးတာ ပေမယ့် သူနဲ့ အရမ်း ခင်မင် ရင်းနှီးကြသလို ခံစားရသည် ။
အငွေ့တထောင်းထောင်းနဲ့ ကြေးအိုးကို သူ့ရှေ့ကို လာချပေးတဲ့ အချိန် ဘေဘီက “ စန်ဒီ့မှာ ဟန်းဖုန်း ရှိတယ် မဟုတ်လား....နံပါတ် ပေးမလား...” လို့ မေးလိုက်သည် ။
စန်ဒီ မျက်နှာ ပျက်သွားတယ် ထင်တာဘဲ ။ စိတ်အားတင်းပြီး...“ စန်ဒီ့မှာ ဟန်းဖုန်း မရှိဘူး ဘေဘီ ...ဘေဘီ့မှာရှိရင် နံပါတ်ပေးလေ....” လို့ ပြန်ပြောလိုက်သည် ။
“ ပေးမယ်...ဒီကို မလာနိုင်တဲ့ အချိန်တွေမှာ ဒို့..စန်ဒီနဲ့ စကား ပြောချင်တယ် ...ဒီညကော ဘယ်အချိန် အလုပ် ပြီးမလဲ စန်ဒီ....”
“ ဆယ့်နှစ်နာရီ...ဘေဘီ....”
ဘေဘီသည် ကြေးအိုး စားနေရင်း စန်ဒီ့အကြောင်းတွေကို စပ်စုနေသည် ။
စန်ဒီက စန်ဒီသည် မိဘမဲ့ တကောင်ကြွက်..မိန်းကလေး အဆောင်မှာ နေသည် ..အလုပ်တဖက်နဲ့ ကျောင်းတက်နေသည် ဆိုတာတွေကို ဘေဘီ့ကို ပြောပြလိုက်သည် ။
ဘေဘီကလည်း သူ့အကြောင်းတွေကို ပြောပြသည် ။
သူလည်း စန်ဒီ့လိုဘဲ မိဘမဲ့ တကောင်ကြွက် တယောက် တဲ့ ။ သူ့မိဘတွေက ကားချင်းတိုက်မိပြီး နှစ်ယောက်လုံး ပွဲခြင်းပြီး သေဆုံးခဲ့ကြတော့ သူက ဆွေမျိုးတွေနဲ့ ကြီးပြင်းခဲ့ရတယ် တဲ့ . သူ့ဘကြီးရဲ့ အိမ်မှာ ကပ်မှီပြီးနေခဲ့ရတဲ့အချိန် သူ့ဘကြီးရဲ့ မိန်းမက နှိပ်စက်လွန်းတာကြောင့် သူ သူတို့အိမ်ကနေ ထွက်ပြေးခဲ့ရတယ်တဲ့ ....။
ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်ဖို့ ကြိုးစားခဲ့တာ အခု အချိန်မှာတော့ ကားဒရိုင်ဘာ အလုပ်လည်း ရပြီး ၀င်ငွေလည်း မဆိုးလို့ အဆင်ပြေလာပြီ တဲ့ ....။
မန်နေဂျာကိုတိုးက စန်ဒီ အခုလို ကပ်စတန်မာနဲ့ စကားသွားပြောနေတာကို သိပ် မကြည်ဘူး ။
“ စန်ဒီ ...အိမ်သာခန်း ညစ်ပတ်နေတယ်....သန့်ရှင်းရေး လုပ်လိုက်အုံး....” လို့ လှမ်းခေါ်ပြီး ခိုင်းသည် ။
ဘေဘီ က “ စန်ဒီ ...အလုပ်သွားလုပ်လိုက်အုံးနော်....ဘေဘီနဲ့ စန်ဒီ...အလုပ်နားတဲ့ ရက်ကျမှ တ၀ကြီး စကားတွေ ပြောကြမယ်....” လို့ ပြောသည် ။
ဘေဘီလည်း မန်နေဂျာကိုတိုးကို စိတ်ထဲက မကျေနပ်ပေမယ့် သူခိုင်းတာကိုလည်း ငြင်းလို့ မရဘူးလေ ။
ဘေဘီက ကျသင့်ငွေ ရှင်းပေးပြီးတဲ့နောက် ပြန်သွားသည် ။
စန်ဒီ့ကို “ အခု ခဏ သွားလိုက်အုံးမယ်..ခဏကြာရင် ပြန်ခဲ့မယ်..စန်ဒီ့အတွက် ပေးချင်တာ တခု ရှိလို့ ...သိပ်မကြဘူး....ပြန်လာမယ် ….”လို့ ပြောသွားသည် ။
တနာရီကျော်ကျော်လောက် ကြာတော့ ဘေဘီ ပြန်ရောက်လာသည် ။ စန်ဒီ့ကို ခေါ်ပြီး ဖုန်းလေးတလုံး ပေးသည် ။
“ ဘေဘီနဲ့ စန်ဒီတို့ ဆက်သွယ်လို့ရအောင်....ဒို့နှစ်ယောက် အမြဲ စကားပြောနိုင်အောင်ပေါ့..” လို့ ပြောသည် ။ ဖုန်းလေးက ပန်းရောင်လေး ။ စန်ဒီလည်း အရမ်း ၀မ်းလည်းသာ ကျေးဇူးလည်း
တင်သွားသည် ။ ဘေဘီနဲ့လည်းဆက်သွယ်လို့ ရတော့မှာမို့ ပေါ့ ။
“ သိုင်းကျူး..ဘေဘီ.....”ဆူဘာရူး ကားလေးထဲက မောင်းသူနေရာမှာ ဘေဘီ ထိုင်နေသည် ။ သူ့နားမှာ နားကြပ်လေး တပ်ထားသည် ။
အိုင်းရင်း ခရော့စ် တီးဝိုင်းက အငဲရဲ့ ဟဲဗီးမက်တယ်လ် သီချင်းတပုဒ်ကို နားထောင်နေသည် ။ နေကာမျက်မှန် အနက်ကို တပ်ထားတဲ့ ဘေဘီ မောင်းတဲ့ ဆူဘာရူးကား အစိမ်းရောင်လေးသည် ဓနသဟာရ ဘဏ်ခွဲ ( ၃ ) အရှေ့တည့်တည့်မှာ စက်မသတ်ဘဲ ရပ်ထားသည် ။ အချိန်က မနက်စောစော ဘဏ် ဖွင့်ခါစ အချိန်ပါ ။
ဘေဘီ သည် လှုပ်ရှားနေတဲ့ သူ့စိတ်တွေကို တည်ငြိမ်အောင် ထိန်းနေသည် ။ သူသည် အလုပ်၃ခုကို တပြိုင်နက်မှာ လုပ်နေသည် ။ ၁....တဒုန်းဒုန်း တ၀ုန်းဝုန်း နဲ့ ကျယ်လောင် ပြင်းထန်တဲ့ အငဲရဲ့ သီချင်းကို နားထောင်နေသည် ။ ၂...နေကာမျက်မှန် အမဲ အောက်ကနေ သူ့စူးရှတဲ့ မျက်လုံးတွေက အရှေ့ အနောက် ဘေးနှစ်ဖက်ကို အဆက်မပြတ် ကြည့်နေသည် ။ ၃....စန်ဒီမိုးလွင် ကို သတိရလွမ်းနေသည် ။
ဟော....ဘဏ်ရဲ့ ရှေ့ဖက် တံခါးကြီး ပွင့်လာသည် ။
လူသုံးယောက် ပြေးထွက်လာကြသည် ။ ဘေဘီသည် ကလပ်ခ်ျကို နင်းပြီး နံပါတ်တစ် ဂီယာကို သွင်းလိုက်သည် ။ အူရားဖားရား ပြေးလာကြတဲ့ လူသုံးယောက်သည် ဘေဘီရဲ့ ကားထဲကို ခုန်ဝင်လိုက်ကြသည် ။ သူတို့ရဲ့ လက်တွေထဲမှာ အနက်ရောင် ခရီးဆောင် အိတ်တွေ ကိုယ်စီ ပါလာသည် ။ ဘေဘီရဲ့ ဘေးကားရှေ့ခန်းကို ၀င်ထိုင်လိုက်တဲ့ ဆင်ပေါက်က “ဒိုး..ဒိုး...ဒိုးမယ်......မောင်း....မောင်း...ချာတိတ်...” လို့ တုန်ခါနေတဲ့ အသံကြီးနဲ့ ပြောလိုက်သည် ။
နောက်ခန်းကို ၀င်ထိုင်လိုက်ကြတဲ့ ကက်နက် နဲ့ ဇော်မင်းလေး တို့ရဲ့ ကားတံခါးတွေ တဒိုင်းဒိုင်း နဲ့ ပိတ်ပြီးပြီးချင်း ဘေဘီက ကားကို မောင်းထွက်လိုက်သည် ။ ခု အချိန် အထိ ဘာအဖျက် ဘာအကန့် ဘာအရစ်မှ မရှိဘူး ။ ဆင်ပေါက်က “ အဆင်ပြေတယ်..ဘေဘီရေ....ဟားဟားဟား.....သေနတ် တချက်တောင် မဖေါက်လိုက်ရဘဲ အားလုံး စိုပြေသွားတယ်....ခပ်မှန်မှန်သာ မောင်းပေတော့.....” လို့ ပြောလိုက်သည် ။ ဘေဘီသည် ဘာမှ ပြန်မပြော ။ ကားကို ခပ်မြန်မြန် မောင်းနေသည် ။ ကားနောက်ခန်းက ကက်နက်နဲ့ ဇော်မင်းလေးတို့က ဘဏ်ထဲက ၀န်ထမ်း ကောင်မလေး တယောက်ရဲ့ ကိုယ်လုံး အချိုးအစားက လှလွန်းတဲ့အကြောင်း မစားရ ၀ခမန်း ပြောလာကြသည် ..။ ဒါတွေကို ဘေဘီ မကြား ။ သူ နားထောင်နေတဲ့ ဟဲဗီးမက်တယ်လ် သီချင်းကိုဘဲ အာရုံ
စိုက်နေသည် ။ နောက်ပြီးတော့ စန်ဒီရဲ့ အလုပ်နားရက်မှာ ဘာတွေ လုပ်ကြမလဲ ဆိုတာ သူ စိတ်ကူးယဥနေသည် ။ ဟော..... ရှေ့မှာ မီးပွိုင့်က နီနေသည် ။ မောင်းနေတဲ့ အရှိန်ကို လျော့လိုက်သည် ။
မီးပွိုင့်မှာ အဖြူရောင်ဝတ် ယာဉ်ထိန်းရဲသား တယောက် ရပ်နေသည် ။သူတို့ကားကို မကြည့်ဘဲ တဖက်က လမ်းဖက်ကို ငေးကြည့်နေသည် ။ မီးပွိုင့်ဘေးက ဓါတ်တိုင်မှာ ကင်မရာကို တွေ့သည် ။
ဘေဘီသည် ကားကို ပုံမှန် ဆက်မောင်းလာသည် ။
ဟောင်းအိုနေတဲ့ အဆောက်အဦး ကြီး တခု ထဲကို ချိုးကွေ့ ၀င်လိုက်သည် ။ ဒီ အဆောက်အဦးကြီးက မကြာခင် ဖျက်တော့မယ့် နေရာ တခု ။ မှောင်မဲနေတဲ့ အောက်ထပ် ကားရပ်တဲ့ ကွက်လပ်ကြီးထဲမှာ ကားတစီးက ရှိနေသည် ။ အနက်ရောင် တိုယိုတာ ပရီးရပ်စ်ကား ဖြစ်သည် ။ ဒီကားရဲ့ ဘေးကို ယှဉ်ရက် ထိုးဆိုက်လိုက်တာနဲ့ တပြိုင်နက် ဘေဘီ အပါအ၀င် အားလုံးသည် တိုင်ပင်ထား သလို ဆူဘရူးကားလေးထဲကနေ ပြိုင်တူ ထွက်လိုက်ကြပြီး အနက်ရောင် ပရီးရပ်စ်ကားထဲကို ၀င်ထိုင်လိုက်ကြသည် ။ ဘေဘီသည် ခါးပတ်ကို ဆွဲပတ်..ကားစက်ကို နှိုးလိုက်သည် ။ သူ့နားကြပ်ထဲမှာ သီချင်းတပုဒ် စနေသည် ။ အဆိုတော် မျိုးကြီးရဲ့ ရှေ့က လမ်းမများ ပါ ။
တဆင့်တော့ အိုကေသွားပြီ ။ ခုထိ သူတို့ အနောက်က ဘာ အရိပ်မှ မပါလာဘူး ။ ဒါပေမယ့် လမ်းတွေကို ပိတ်ဆို့ပြီး စစ်နိုင်သေးတယ် ..။ ဒါပေမယ့် ကားမောင်း ကျွမ်းတဲ့ ဘေဘီက ဘယ်လိုဘဲ အတား အဆီးတွေ ရှိပါစေ..ရအောင် ကျော်ဖြတ်မှာဘဲလေ ။ ဒါကြောင့်လည်း ဦးဇွဲက ဘေဘီမှ ဘေဘီ ဖြစ်နေတာ ။
ဆင်ပေါက်က “ ဒို့ ဆရာကြီးက ဝေစု ခွဲတဲ့အခါ အသက်စွန့်ပြီး ရှေ့ကနေ ၀င်တိုက်ရတဲ့ ငါတို့တတွေနဲ့ ကားပေါ်က အခန့်သား ထိုင်စောင့်ပေးရတဲ့ ဘေဘီ့ကို အတူတူဘဲ ခွဲပေးလိမ့်မယ်ကွ....ဘေဘီကတော့ အေးဆေးနဲ့ မြက်မြက်လေး အမြဲရတယ်ကွ....” လို့ ပြောလိုက်သည် ။ ဘေဘီက နားကြပ်နဲ့ သီချင်း နားထောင်နေလို့လား မသိဘူး ။ ဆင်ပေါက် ပြောနေတာကို ဘာမှ ပြန် မတုံ့ပြန် ။
နောက်ခန်းက ကက်နက်ကတော့ ပြုံးပြုံးကြီးနဲ့ ငြိမ်နေသည် ။ ဇော်မင်းလေးက “ ဆင်ပေါက်...မင်းက တာချီလိတ်က ရောက်လာတာ မကြာသေးလို့ မသိတာ နေမှာ..ဘေဘီက ရဲကားတွေ ညှပ်ပိတ်ဖမ်းတဲ့ကြားက ရအောင် ဖေါက်ထွက် နိုင်ခဲ့တာတွေ အများကြီး ရှိခဲ့တယ်ကွ..” လို့ ဘေဘီ့ဖက်ကနေ ပြောလိုက်တော့ ဆင်ပေါက် ငြိမ်သွားသည် ။
ဘေဘီသည် ကားကို ခပ်မှန်မှန်လေးဘဲ မောင်းနေသည် ။ ဆယ့်ငါးမိနစ်လောက် မောင်းလိုက်ပြီးတဲ့နောက် တိုက်နှစ်လုံးရဲ့ ကြားထဲက ကွန်ကရစ် လမ်းသေးလေး တလမ်းထဲကို ချိုးကွေ့ကာ ၀င်လိုက်သည် ။ လမ်းကလေးက ခပ်တိုတိုလေးဘဲ ။ ရှေ့မှာ ကားဂိုဒေါင် တလုံးက တံခါးပွင့်ရက်နဲ့ ရှိနေသည် ။ ဘေဘီက ကားကို မောင်း ၀င်လိုက်ပြီးတာနဲ့ အသင့် စောင့်နေတဲ့ လူတယောက်က ဂိုဒေါင် တံခါးကို ဆွဲပိတ်လိုက်သည် ။
“ ကဲ ရောက်ပြီ.....စခန်း ( ၂ ) ကို...”
နောက်ခန်းက ကက်နက်က တီးတိုး ရေရွတ်လိုက်သည် ။
သူတို့ အလုပ်ပြီးစီးတိုင်း ဘယ်စခန်းကို လာခဲ့ကြ လို့ ဦးဇွဲက ညွှန်ကြားသည် ။ ဒီနေ့ ဒီတခါ လာခိုင်းတာက စခန်း ( ၂ ) ဆိုတဲ့ ဒီနေရာ ပါ ။ ကားပေါ်က ဘေဘီနဲ့ ကက်နက်တို့ သုံးယောက် ဆင်းလိုက်ကြပြီး ကားဂိုဒေါင်ထဲကနေ တိုက်အပေါ်ကို တက်တဲ့ ဓါတ်လှေခါး ဆီကို လျောက်သွားကြသည် ။ စောစောက ဂိုဒေါင် တံခါးကို ပိတ်ပေးတဲ့ လူလည်း သူတို့ အနားကို ရောက်လာသည် ။
ဓါတ်လှေခါးရဲ့ အတက် မျှားလေး ပြထားတဲ့ ခလုပ် အ၀ိုင်းလေးကို ဖိနှိပ်လိုက်ရင်း“ အဆင်ပြေခဲ့ကြတယ်နော်.....၀မ်းသာတယ်.....ဆရာဇွဲ.....အပေါ်မှာ စောင့်နေတယ်......” လို့ ဒီလူက
ပြုံးရယ် လျက် ပြောလိုက်ရင်း တင်ကနဲ အသံနဲ့ တံခါး ပွင့်လာတဲ့ ဓါတ်လှေခါးထဲကို သူတို့ လေးယောက် နဲ့ အတူတူ ၀င်လိုက်သည် ။
သူ့နံမည်က ကိုသုံည ..။
ဦးဇွဲကတော့ “ ဇီးရိုး ” လို့ သူ့ကို ခေါ်သည် ။ သူ့နံမည် အရင်းကိုတော့ ဘယ်သူမှ မသိကြ ။ ဦးဇွဲတော့ သိကောင်း သိမည် ။
ကိုသုံညသည် ဦးဇွဲရဲ့ အနီးကပ်ဆုံး လူ ။ လူယုံ ။ သက်တော်စောင့် ။
ဘယ်လိုဘဲ နံမည် တပ်တပ် ..ကိုသုံညကတော့ ခပ်ပြုံးပြုံးဘဲ ။ အမြဲတမ်း ။
လေးလွှာကို ရောက်တော့ တင်ကနဲ အသံနဲ့ ဓါတ်လှေခါး တံခါး ပွင့်သွားသည် ။ လူတယောက် စားပွဲတလုံးနဲ့ ထိုင်နေသည် ။ စားပွဲပေါ်မှာက ကွန်ပြူတာ မော်နီတာ တလုံး ရှိနေသည် ။ ဒီလူသည်ဒီတိုက်ရဲ့ ပတ်ပတ်လည်မှာ တပ်ထားတဲ့ စီစီတီဗီ ကင်မရာတွေကနေ မြင်ရတဲ့ မြင်ကွင်းတွေကို ထိုင်ပြီး စူးစိုက် ကြည့်နေတာ ။ သူ့နံမည်က ကိုဟက် ..။ ဒီနေရာ ကို ဘယ်သူတွေ ရောက်လာတယ် ဆိုတာကို သူက ထိုင်ကြည့်နေတာ ။ ကင်းသမား သဘောပေါ့ ။
ကျွန်းသား တံခါးကြီး တချပ် အရှေ့မှာ လူတယောက် လက်ပိုက်ပြီး ရပ်နေသည် ။ စပို့ရှပ် လက်တို နဲ့ ဂျင်း အပြာရောင်ကို ၀တ်ထားတဲ့ ဒီလူရဲ့ ခါးမှာ သေနတ်တလက်ကို အလွတ် ထိုးထားတာကိုတွေ့ရသည် ။ နှုတ်ခမ်းမွေးထူထူရှည်ရှည်နဲ့ ကတုံးဆံတောက် ဆံပင်နဲ့ ကိုသာထူး ဆိုတဲ့ ဒီလူကလည်း ကိုသုံညလိုဘဲ ဦးဇွဲရဲ့ အနီးကပ် လုံခြုံရေး တာဝန်ခံ ဖြစ်သည် ။ သူတို့ကို ကိုသာထူးက တံခါးဖွင့်ပေးလိုက်သည် ။ ဒီ စခန်း ( ၂ ) ရဲ့ အဓိက အခန်းကြီး ။ ဦးဇွဲက သူတို့ကို တွေ့ဆုံလေ့ ရှိတဲ့ အခန်းကြီးပါ ။
ကိုသုံညက ဦးဆောင်ပြီး အခန်းကြီးထဲကို ၀င်သည် ။ ဘေဘီက အနောက်ဆုံးက ...။
လက်ခုပ် တဖြောင်းဖြောင်း တီးလိုက်တဲ့ အသံ ထွက်လာသည် ။
စားပွဲရှည်ကြီးတလုံးရဲ့ ဟိုမှာဖက် ထိပ်မှာ ထိုင်နေတဲ့ ဦးဇွဲ ။
သူတို့ကို ဘာလုပ် ဘာကိုင် ဆိုတာတွေ အစီအစဉ် ချပေးတဲ့ မာစတာ ဘရိန်း ။ ဂိုဏ်းစတားကြီး ။ ခေါင်းဆောင်ကြီး ။ နံပါတ် ၀မ်းကြီး...။
“ ကဲ..ထိုင်ကြ...ထိုင်ကြ......ဘာသောက်ကြမလဲ..ထုံးစံ အတိုင်းဘဲလား......” လို့ ပြုံးပြုံးကြီး ပြောလိုက်တဲ့ ဦးဇွဲသည် မြန်မာရုပ်ရှင်ကားတွေထဲက ရုပ်ရှင်မင်းသား မင်းဦးလို ဒီဇိုင်းနဲ့ အိုက်တင် ဘဲ လို့ဘေဘီ က တွေးနေသည် ။ ဆင်ပေါက်..ကက်နက်..ဇော်မင်းလေးတို့ သုံးယောက်က သူတို့ ဆွဲလာတဲ့ အိတ်အနက်ကြီးတွေကို စားပွဲပေါ်ကို တင်လိုက်ကြသည် ။ ကိုသုံညက အိတ်တွေကို ဖွင့်ပြီး အထဲက ငွေထုပ်တွေကို အကုန်လုံး ထုတ်လိုက်ပြီး စီလိုက်သည် ။ ဘေးက ကိုသာထူးက သူ့ကို ကူညီပေးသည် ။
တထောက်ထောက် အသံ ကို ကြားလိုက်ရသည် ။ ခွာမြင့် မိန်းမစီး ဖိနပ် အသံ ...။
သောက်စရာ အဖျော်ယမကာ ခွက်တွေကို လင်ပန်းလေးနဲ့ သယ်မပြီး လျောက်လာတဲ့ မိန်းမချောလေး တယောက် ။
သူမ နံမည်က မလေးသောင်း ..။ နံမည် အမှန်က မလေးလေးမြင့်သောင်း ။ သူတို့အားလုံးက မလေးသောင်းလို့ဘဲ ခေါ်ကြသည် ။ မလေးသောင်း က ဦးဇွဲရဲ့ လက်ရှိ မဟေသီ ။
“ ကဲ သောက်လိုက်ကြအုံး..အမောပြေ......”
မလေးသောင်းက သူတို့ ဘာသောက်တတ်သည် ကို သိပြီးသား ..။ ဘေဘီ့အရှေ့မှာ နို့အေး ပုလင်းးပုလေးကို လာချသည် ။ ဆင်ပေါက်တို့က နံမည်နဲ့ အမူအကျင့်ကလည်း လိုက်ဖက်ပါတယ်....
လုပ်တော့ ဂိုဏ်းစတား..နံမည်က ဘေဘီ..သောက်တော့ နို့အေး....လို့ ဘေဘီ့ကို နောက်ပြောင်ခဲ့ကြသည် လေ ။
မလေးသောင်းသည် အတွင်းခန်းကို ဖင်ကလေး နှဲ့လှုပ်ရင်း ပြန်ဝင်သွားသည် ။ ။ဘယ်သူမှ ဒါကို မကြည့်ရဲကြ ။ ဦးဇွဲ စိတ်ငြိုငြင်မယ့် အပြုအမူ အကြည့်တွေကို သူတို့ အားလုံး သတိထား ဆင်ခြင်ကြသည် ။
ဦးဇွဲက ငွေထုပ်တွေကို သူတို့ဆီကို ပစ်ပေးပြီး ဝေစုခွဲပေးသည် ။ အားလုံး ပေးပြီးတဲ့ အချိန် ဦးဇွဲက ဆင်ပေါက်ကို စိုက်ကြည့်ပြီး..“ ဆင်ပေါက်..မင်း....ယောက်ျား အစစ်လား....” လို့ ရုတ်တရက် မေးလိုက်သည် ။ ဆင်ပေါက်လည်း..“ ဟာ..ဆရာဇွဲကလည်း..စစ်ပါတယ်...ဟီး..မိန်းမ သုံးယောက် တပြိုင်နက် ယူထားတဲ့ဟာ....” လို့ ပြောလိုက်သည် ။ ဦးဇွဲက “ ဒါဆို ကွယ်ရာ အတင်း မချနဲ့ကွာ..ပြောစရာရှိ ဗြောင်ပြော..ငါ ဝေစုခွဲတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ကောင် ဆင်ပေါက်မှ မဟုတ်ဖူး..ဘယ်သူ ဖြစ်ဖြစ် ပြောနိုင်တယ်....ကြားလား.....”လို့ ပြောလိုက်သည် ။
ဆင်ပေါက်လည်း ကားထဲမှာ သူ ပြောလိုက်တာတွေကို ဦးဇွဲ ချက်ချင်း ဘယ်လိုများ သိသွားပါလိမ့် လို့ စဉ်းစားသွားသည် ။
“ ကျေနပ်ပါတယ်..ဆရာဇွဲ...ပြောမိတာ ဆောရီးပါ...ဘေဘီ့ကို နောက်ချင်တာ သက်သက်ပါ....”
“ မနောက်နဲ့..သူက သူ့တာဝန်ကို သူ ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်..ဘယ်နှစ်ကြိမ် ရှိနေပြီလဲ..ငါတို့ လုပ်ခဲ့ကြတာ.....အောင်မြင်တာချည်းဘဲ..ဘေဘီကြောင့်လည်း ခဏ ခဏ လွတ်မြောက်ခဲ့တယ်..အချင်းချင်း သွေးမကွဲကြနဲ့ကွာ....ဒါဘဲ..ကဲ..လူစု ခွဲမယ်..မင်းတို့ အေးဆေး နားကြ..လိုရင် ခေါ်လိုက်မယ်.....”
တညီတညာထဲ “ ဟုတ်...” လို့ တိုတိုတုတ်တုတ် ပြောလိုက်ကြပြီး ထရပ်လိုက်ကြသည် ။
သူတို့ တံခါးပေါက်ဆီကို လျောက်သွားကြတဲ့ အချိန် “ ဘေဘီ..နေခဲ့အုံး....” လို့ ခေါ်လိုက်တဲ့ ဦးဇွဲရဲ့ အသံကြောင့် ဘေဘီရဲ့ ခြေလှမ်းတွေ တုံ့သွားသည် ။
ဦးဇွဲဖက်ကို သူ မျက်နှာ မူလိုက်တဲ့ အခါ ပြုံးနေတဲ့ ဦးဇွဲက “ ဘေဘီ..မင်း...ကြိုက်နေတဲ့ ကောင်မလေးက မဆိုးဘူးကွ...တော်တော် ချောတယ်....” လို့ ပြောလိုက်လို့ ဘေဘီလည်း အံ့သြသွားသည် ။ အရာရာကို သိနေတဲ့ ဦးဇွဲ ပါလား . . ။
ဒီနေ့ စန်ဒီရဲ့ အလုပ်နားရက် ။
မနေ့ညက စန်ဒီ အလုပ်က ပြန်ခါနီး ဘေဘီ ပေးထားတဲ့ ဖုန်းလေး တဒိဒိနဲက လှုပ်လာသည် ။ အလုပ်ခွင်မှာမို့စန်ဒီက ဖုန်းကို အသံပိတ်ထားသည် ။ ဘေဘီ ဘယ်တော့ ခေါ်မလဲ ဆိုပြီး ဖုန်းလေးကို တချိန်လုံး ဖွင့်ကြည့်နေမိခဲ့သည် ။ ဘေဘီ ခေါ်တော့ စန်ဒီ ပျော်လိုက်တာ အရမ်းပါဘဲ ။
ဘေဘီက သူ အလုပ်များနေလို့ ဖုန်းမခေါ်ဖြစ်တာ လို့ ပြောသည် ။ စန်ဒီက “ ရတယ်..ရတယ်...ဘေဘီ အားမှ ခေါ် ” လို့ ပြောလိုက်သည် ။
ဘေဘီက “ မနက်ဖန် အလုပ်နားရက် ဘာလုပ်စရာ ရှိသလဲ စန်ဒီ ” လို့ မေးသည် ။ စန်ဒီလည်း အမေ့ညီမ ၀မ်း
ကွဲ ဒေါ်လေးဆီကို သွားလည်မလို့ စဉ်းစားထားတာ ပေမယ့် ဘေဘီ မေးတော့ “ ဘာမှ မရှိဘူး ...” လို့ ချက်ချင်းဘဲ ဖြေလိုက်မိသည် ။ ဘေဘီနဲ့ ပတ်သက်ရင် တခြားကိစ္စတွေဟာ စန်ဒီ့အတွက် ဘာမှ အရေးမကြီးတော့ပါဘူး ဘေဘီရယ် . .. ။ ဘေဘီက “ စန်ဒီနဲ့ တွေ့လို့ ရမလား...နေ့လည်စာ တခုခု သွား စားရအောင်”
လို့ ခေါ်လိုက်တော့ မိစန်ဒီတယောက် နည်းနည်းလေး တောင် မမူနိုင်ဘူး ။
ချက်ချင်းဘဲ..“ အိုကေ ” လို့ ပြောလိုက်မိသည် ။ ဘေဘီ အရမ်း ၀မ်းသာသွားသည် ။ “ ပျော်လိုက်တာ စန်ဒီရယ်...ဘေဘီလေ..စန်ဒီ့ကို အရမ်းကို တွေ့ချင်နေမိတာ...” လို့ ပြောသည် ။ စန်ဒီကလည်း “ စန်ဒီလည်း ဘေဘီ့ကို တွေ့ချင်နေမိတယ်...ဘေဘီ အားရင် ဆိုင်ကို လာနော်..လာစား..စန်ဒီ ၀ယ်ကျွေးရမလား....” လို့ ပြန်ပြောလိုက်
မိသည် ။ ညက အိပ်ရာထဲ ရောက်တဲ့အချိန် ဘေဘီ့ဆီက ဖုန်း ထပ် ခေါ်လာပြန်လို့ စန်ဒီလည်း အိပ်ရာထဲမှာ ပက်လက် အိပ်ရင်း ဘေဘီနဲ့ ဖုန်းပြောဖြစ်သည် ။
မနက်ကျတော့ ဘေဘီနဲ့ တွေ့ရမှာမို့ စောစောထပြီး ရေမိုးချိုး အလှပြင်မိသည် ။
အခန်းဖေါ် အမကြီး မသက်က “ ဟဲ့ စန်ဒီမ … ဘဲနဲ့များ ချိန်းထားသလား....အ၀တ်လဲတာလည်း တချိန်လုံးလဲဝတ်ကြည့်နေတယ်....အင်း...မိတ်ကပ်လည်း အရင်နေ့တွေထက် များသလိုဘဲ ...တခုခုတော့ တခုခုဘဲ...ညည်း ဘဲများ ရနေပြီလား . . .” လို့ မေးသည် ။
“ ဘဲတော့ မဟုတ်သေးဘူး....ဟီး..ဘဲ ဖြစ်လာချင် ဖြစ်လာမယ်...” လို့ စန်ဒီလည်း မသက်ကို ပြန်ပြောလိုက်သည် ။ ဘေဘီ ချိန်းထားတဲ့ ဈေးရှေ့က ကားမှတ်တိုင်ကို စောစောဘဲ ထွက်ခဲ့လိုက်သည် ။ ဘေဘီ့ကို စောင့်မနေစေချင်ဘူးလေ ။
ဒါပေမယ့် ဒီ ချိန်းထားတဲ့ နေရာကို ဘေဘီက အရင် ကြိုရောက်နှင့်နေသည် ။
အဖြူရောင် ဟွန်ဒါဖစ် ကားလေးထဲမှာ ဘေဘီ ထိုင်နေသည် ။ သူ့ကားဘေးကို စန်ဒီ ရောက်သွားသည် ။ ကားတံခါး ပွင့်လာပြီး ဘေဘီ ဆင်းလာသည် ။ အို..စန်ဒီ့ စိတ်ထဲ စွဲနေရတဲ့ဘေဘီက သိပ်မိုက်တာဘဲ ။ အရပ်မြင့်မြင့် ဘိုက်ချပ်ချပ်နဲ့ စန်ဒီ့ကို စူးစိုက် ကြည့်လိုက်တဲ့ သူ့မျက်လုံးတွေမှာလည်း “ အချစ် ” ဆိုတာကို စန်ဒီ
တွေ့မိလိုက်သလိုဘဲ ။
ဘေဘီက စပြီး..“ စန်ဒီရယ်...လှလိုက်တာကွာ...” လို့ စပြောလိုက်သည် ။ စန်ဒီလည်း ပျော်လည်းပျော်..ရှက်လည်း ရှက်မိနေသည် ။ ရင်တွေက အရမ်းကို ခုံနေတာဘဲလေ ။
“ လာ..စန်ဒီ..ကားပေါ်တက် ...”
ဘေဘီက ကားရဲ့ တဖက်ကို လျောက်သွားလို့ ဘေဘီလည်း သူ့အနောက်က လိုက်သွားလိုက်သည် ။ သူကကားတံခါးကို ဘေဘီ့အတွက် ဖွင့်ပေးသည် ။ စန်ဒီ ကားထဲကို ငုံ့ဝင်ပြီး ထိုင်လိုက်သည် ။ ဘေဘီက ကားတံခါးကို ပိတ်ပေးပြီး ကားတဖက်ကို ပြန်လျောက်သွားရင်း အဲဒီဖက်က တံခါးကို ဖွင့်ပြီး ကားထဲကို ၀င်ထိုင်သည် ။
စန်ဒီလည်း ဘေဘီ့ကို ဆိုင်က ညဆိုင်း မန်နေဂျာ ကိုတိုးက ဆိုင်ပိုင်ရှင် ဒေါ်မေရတီကို စန်ဒီ့အကြောင်း တိုင်တဲ့အကြောင်း ပြောပြလိုက်သည် ။ ဘေဘီက “ ဘာကို တိုင်တာလဲ...စန်ဒီ....စန်ဒီက ဘာမှားတာ လုပ်မိလို့လဲဟင်..”လို့ မေးသည် ။ လူချင်း နီးကပ်နေတော့ ဘေဘီ့ပါးစပ်က ပရုပ်နံ့ သင်းသင်းလေးကို စန်ဒီ ရလိုက်သည် ။
“ ဟီး....ဘေဘီ ဆိုင်မှာ လာစားရင် စန်ဒီက ဘေဘီနဲ့ အမြဲ စကား သွားသွားပြောတယ်....လိုတာထက် ပိုတယ်” လို့ တိုင်တာ ဘေဘီ..” လို့ စန်ဒီက ပြောပြလိုက်တဲ့အချိန် ဘေဘီက ကားလေးကို မောင်းထွက်လိုက်သည် ။
“ ဆိုင်ပိုင်ရှင်က စန်ဒီ့ကို ဘာပြောလဲဟင်....ဆူလား . .” လို့ ဘေဘီက မေးသည် ။
“ မဆူဘူး....သူ့ကိုဘဲ ဆူတယ်....ဒေါ်မေရတီက ကပ်စတန်မာ ရှိလို့ စီးပွားရှိတာ..ကပ်စတန်မာကို ဂရုစိုက်တာ..ခင်ခင်မင်မင် ရှိတာ ကောင်းတယ်...မင်းလည်း စန်ဒီ့လို လူမှု ဆက်ဆံရေး ကောင်းလာအောင် ကြိုးစား..လို့သူ့ကိုဘဲ သတိပေးသွားတယ်....” လို့ စန်ဒီက ပြောပြရင် ရယ်လိုက်မိသည် ။
ဘေဘီကလည်း စန်ဒီ့လိုဘဲ ရယ်သည် ။
“ ကောင်းတယ်...သူတပါးကို တိုင်ချင်တဲ့ လူကြီး.....”
ဘေဘီက “ ဘာစားချင်လဲ စန်ဒီ...” လို့ မေးသည် ။
“ ဘာဖြစ်ဖြစ်...ဘေဘီ..” လို့ ဖြေလိုက်သည် ။
“ တရုတ်အစားအစာ စားတယ် မဟုတ်လား...စန်ဒီ မစားတဲ့ အသားငါး ရှိလား....”
“ မရှိဘူး..အကုန်စားတယ်...ဘေဘီ....”
“ ဒါဆို တရုတ်ဆိုင် သွားစားကြမယ်နော်....”
“ အိုကေ ဘေဘီ...”
ပီကင်း စားတော်ဆက် ဆိုတဲ့ တရုတ်အစားအစာဆိုင်ကြီးထဲကို ဘေဘီနဲ့ စန်ဒီ ၀င်ခဲ့ကြသည် ။ စန်ဒီသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အလုပ်တဖက် ကျောင်းတဖက်နဲ့မို့ ဒီလို စားသောက်ဆိုင်
ကြီးတွေကို တခါမှတောင် မ၀င်ဖူးဘူး ။ ကိုယ်တိုင်က ပင်လယ်ပြာ စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နေပေမယ့်ပင်လယ်ပြာစားသောက်ဆိုင်ထက် အဆပေါင်းများစွား ကြီးပြီး ခန်းနား သပ်ရပ်တဲ့ ပီကင်းစားတော်ဆက် လို ဆိုင်ကြီးထဲကို ရောက်တော့ လှပတဲ့ ပန်းပုရုပ်တွေ ပန်းချီကားတွေနဲ့ အနက်ရောင် တူညီ ၀တ်စုံ တွေ ၀တ်ထားပြီး အနီရောင် ခေါင်းစည်းများနဲ့ ဆိုင်ဝန်ထမ်းတွေကလည်း စန်ဒီ့အတွက် ဆန်းနေသည် ။
ဘေဘီကတော့ ဒီဆိုင်ကို လာနေကျ ဖြစ်မည် ။ ဆိုင်က ၀န်ထမ်း အလုပ်သမားတွေက ဘေဘီ့ကို သိနေကြပြီး လှမ်းနုတ်ဆက်ကြတာကို စန်ဒီ တွေ့ရသည် ။ တရုတ်ကွန်ဖူး သိုင်းသမားတွေနဲ့တူတဲ့ ဆိုင်ဝန်ထမ်းတွေ ထဲ က တယောက်က သူတို့ကို လှပတဲ့ နဂါးရုပ်ထုကြီး နောက်ခံနဲ့ စားပွဲတလုံးမှာ နေရာ ချထားပေးသည် ။
“ စန်ဒီ..ကြိုက်တာ မှာ စားနော်....”
ဘေဘီက ပြုံးပြုံးလေးနဲ့ ပြောလိုက်သည် ။
“ ဘေဘီ ကြိုက်တာမှာ..စန်ဒီက ဘေဘီ စားတာ အကုန်စားမယ်....ဘာဖြစ်ဖြစ်...”
သူတို့ဘေးက ရေကန်လေးထဲမှာ လိမော်ရောင် ရွှေငါးလေးတွေကို စန်ဒီ သဘောကျနေသည် ။
“ ကြည့်ပါအုံး ဘေဘီရယ်...ငါးကလေးတွေ လှလိုက်တာ....”
“ စန်ဒီ..ရွှေငါးလေးတွေ မွေးချင်လားဟင်.....”
“ လှလို့ သဘောကျတာပါ..မွေးတော့ မမွေးချင်ပါဘူး..ဘေဘီ....”
စန်ဒီသည် မိန်းမတွေချည်း နေတဲ့ အဆောင် တခုမှာ အခန်းကျဉ်းကျဉ်းလေးထဲ နေနေတဲ့သူမို့ ရွှေငါးမွေးဖို့ စဉ်းတောင် မစဉ်းစားနိုင်ပါဘူး ။
“ ဘေဘီ...ဘေဘီက ကားမောင်းတဲ့ အလုပ် လုပ်တယ်လို့ ပြောဖူးတယ်..ဘယ်သူ့ကားကို မောင်းတာလဲဟင်...သူဌေးကြီး တယောက်ယောက်ရဲ့ ကားကို မောင်းတာလား....ဒါမှ မဟုတ် ကျော်ကြားတဲ့ စူပါစတား မင်းသား မင်းသမီးရဲ့ ကားလား ...”
စန်ဒီက ဘေဘီရဲ့ ၀တ်ပုံစားပုံ သုံးပုံစွဲပုံနဲ့ တညမှာ ဘေဘီ မောင်းတဲ့ ကြီးမား တောက်ပြောင်တဲ့ ကားနက်ကြီးကြောင့် ဒီလို မေးလိုက်တာပါ ။ အခုလည်း ကြည့်လေ ။ နန်းတော်ကြီးတခုလို ခန်းနား ကြီးကျယ်တဲ့ တရုတ်စားသောက်ဆိုင်ကြီးထဲမှာ ထိုင်စားနေတယ်လေ ။ ဘေဘီက ကားမောင်းတဲ့ ဒရိုင်ဘာ ဖြစ်ပြီး ဒီလို နေနိုင် စားနိုင် သုံးနိုင်ဖို့က လစာကောင်းကောင်းရတဲ့ ဒရိုင်ဘာ တယောက်မို့လို့ဘဲ လို့ စန်ဒီ တွေးမိလိုက်လို့ပါ ။
ဘေဘီက “ ဟုတ်တယ် ..စန်ဒီ...ဘေဘီက သူဌေးကြီး တယောက်ရဲ့ ကားကို မောင်းတဲ့ဒရိုင်ဘာ....ပေါ့..” လို့ ဖြေသည် ။
ဘေဘီက စားပွဲထိုးကြီးကို စားစရာတွေ မှာသည် ။ ခရုခေါက်ဆွဲကြော်...ဂဏန်းပေါင်း...ငါးကောင်လုံးပေါင်း...ဘဲကျွတ်ကြော်...အမဲအူဟင်းချို ...။ ဒီလောက်တောင် များ
တာ ဘေဘီနဲ့ စန်ဒီ ဘယ်လိုလုပ်ပြီး ကုန်အောင် စားနိုင်မလဲ ။
“ ဘေဘီ....များလှချည်လား...စားလို့ ကုန်ပါ့မလား....” လို့ သူ့ကို မေးလိုက်မိသည် ။ ဘေဘီက “ စန်ဒီ့ကို အမျိုးစုံ စားစေချင်လို့ပေါ့..” လို့ ဖြေသည် ။
စန်ဒီလည်း အိပ်မက်တခုကို မက်နေသလိုဘဲ ခံစားရသည် ။
အ၀တ်အစား သားသားနားနား ၀တ်ထားတဲ့ အရမ်းမိုက်တဲ့ ကောင်လေးတယောက်နဲ့ အတူတူ ဆိုင်ကြီး တခုထဲမှာ ထိုင်နေတဲ့ ကိုယ့်ကိုယ်ကို အံ့သြထူးဆန်းနေသည် ။ စန်ဒီ့ ဘ၀ တလျောက်လုံး မိဘမဲ့တဲ့ တကောင်ကြွက်လေးမို့ ကြမ်းတမ်းတဲ့ အတွေ့အကြုံတွေနဲ့ချည်း ကြုံဆုံခဲ့ရလို့ ။
ဘေဘီကလည်း သူ့ဘ၀ကို စန်ဒီ့ကို ပြောပြခဲ့သည် ။
ဘေဘီ ငယ်ငယ်လေး ထဲက သူ့အဖေနဲ့ အမေသည် ကားမှောက်လို့ ဆုံးပါးခဲ့ရသည် တဲ့ ။ သူ့အမေက သူ့ကို“ ဘေဘီ ” လို့ ခေါ်သည်...တဲ့ ။
မိဘတွေရုတ်တရက် သေဆုံးသွားခဲ့တော့ ဘေဘီသည် အနီးဆုံး ဆွေမျိုး ဖြစ်တဲ့ သူ့အဖေရဲ့ ညီဝမ်းကွဲ “ လေးလေးခိုင် ”တို့ မိသားစု ဆီကို ရောက်သွားရသည် ။ လေးလေးခိုင်သည်
ဘေဘီ့အပေါ် အရမ်းကောင်းပေမယ့် လေးလေးခိုင်ရဲ့ မိန်းမ “ ဒေါ်အေမီ”က ဘေဘီ့ကို တချိန်လုံး နှိပ်စက်ခဲ့သည်....တဲ့ ။ အောင့်အည်း သည်းခံပြီး သူတို့နဲ့ ဆယ့်ရှစ်နှစ် ပြည့်တဲ့အချိန် အထိ သူ နေခဲ့တယ် တဲ့ ။
အခုတော့ ကိုယ့်ဖါသာ ဘ၀ကို ရုန်းကန်ပြီး လျောက်လှမ်းနေတယ် တဲ့ ။
“ စန်ဒီ....”
“ ဟင်...ဘေဘီ...ဘာလဲဟင်....”
“ အရမ်းလှတာဘဲ …. ”
“ အို..ဟုတ်လို့လား....ဘေဘီက မြှောက်နေပြန်ပြီ ...”
“ မမြှောက်ပါဘူး..စန်ဒီက ဒီလောက် လှတာ....စန်ဒီ့ကို စတွေ့တွေ့ချင်း စန်ဒီ့မှာ ချစ်သူ ရှိနေမှာဘဲ လို့ တွေးမိ ခဲ့တာ..ဒီလောက် လှတဲ့ ကောင်မလေးမှာ ချစ်သူ မရှိဘဲ နေမှာ မဟုတ်ဖူး ဆိုပြီး....”
“ အင်း..စန်ဒီ့ဘ၀က ခဲယဉ်းမှုတွေ ပင်ပန်းမှုတွေနဲ့ ပြည့်နေတော့ ချစ်သူ ထားချင်စိတ်လည်း မရှိခဲ့ပါဘူး..ဘေဘီ....”
“ ဘေဘီ့ဘ၀လည်း ဒီလိုပါဘဲ စန်ဒီ....”
“ စန်ဒီလေ..ဘေဘီ့ကို စတွေ့တော့ ဘေဘီနဲ့ ထပ် မတွေ့ရတော့မှာ စိတ်ထဲ ကြောက်မိခဲ့တယ်..သိလား...”
“ ဘေဘီရောဘဲ . .စန်ဒီ့ကို အကြာကြီး ခွဲမထားနိုင်လို့ လူချင်း မတွေ့နိုင်တဲ့ အချိန်မှာ စကားပြောလို့ရအောင် ဖုန်းလေး လာပေးလိုက်တာ....”
မှာထားတဲ့ အစားအသောက်တွေ ရောက်လာသည် ။ ဘေဘီက စန်ဒီ့ ပုဂံပြားထဲကို ဟင်းတွေ အများကြီး ခပ်ထည့်ပေးသည် ။
“ စား.....စား.....စန်ဒီ....”
“ တောပြီ..ဘေဘီ...စန်ဒီ ဒီလောက် မစားနိုင်ဘူး...စန်ဒီ့ကို ဖက်တီးပုတ်ကြီး ဖြစ်လာစေချင်လို့လား....”
ဘေဘီကရယ်သည် ။
ပြီးတော့ ..“ စန်ဒီ့ကို ဘေဘီ သိပ်ချစ်တယ်....” လို့ ရုတ်တရက်ကြီး ပြောလိုက်ပါသည် ။
စန်ဒီလည်း ဘေဘီ ဒီစကားကို တချိန်ချိန်တော့ ပြောလလိမ့်မယ် ဆိုတာ သိနေပေမယ့် ရုတ်တရက်ကြီး အခုချက်ချင်း ပြောလိုက်လို့ အံ့သြမိတာ အမှန်ပါ ။ စန်ဒီလည်း သူ့အကြည့်တွေက စူးရှလွန်းလို့ မျက်လွှာချ လိုက်မိသည် ။
“ စန်ဒီ ..ဘေဘီ့ကို ချစ်လားဟင် . . ”
စန်ဒီ ဘာပြောရမှန်း မသိပါ ။
“ စန်ဒီ...ဘေဘီ မေးတာကို ဖြေပါအုံး..စန်ဒီ ဘေဘီ့ကို ပြန်ချစ်လားဟင် ”
စန်ဒီသည် ဘေဘီ့မျက်နှာကို မော့ကြည့်ပြီး တိုးတိုးလေး...“ ဘေဘီ့ကို စန်ဒီလည်း ချစ်တယ်...” လို့ ဖြေလိုက်ပါသည် ။ စန်ဒီသည် စိတ်ထဲမှာ တကယ် ဖြစ်နေတာကို ပြောလိုက်ခြင်းပါ ။ ဘေဘီ့ကို စတွေ့ထဲက စန်ဒီသည် စွဲလန်းခဲ့ရတာပါ ။
ဘေဘီက “ အို..၀မ်းသာလိုက်တာ စန်ဒီရယ်......” လို့ ပြောလိုက်သည် ။ စန်ဒီ့လက်ကလေးကိုလည်း ဆွဲကိုင်လိုက်သည် ။
သူတို့သည် စားပွဲပေါ်က အစားအသောက်တွေကို မေ့သွားကြပြီ ။
ချစ်သူ ဘ၀ကို ရောက်သွားကြတဲ့ သူတို့ နှစ်ယောက်ရဲ့ အပျော်ဆုံး အချိန်လေး ပါ ။ အမှတ်တရ သူတို့ ချစ်သူဖြစ်သွားတဲ့ နေ့ကလေး ပေါ့ ။
အဖြူရောင် ဟွန်ဒါဖစ်ကားလေးသည် အမြန်လမ်းမကြီးပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ ပြေးနေသည် ။
စန်ဒီသည် ဘေဘီရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည် ။
အဆိုတော် မျိုးကြီးရဲ့ ရှေ့က လမ်းမများ သီချင်းကို ဘေဘီ ဖွင့်ထားသည် ။ ဘေဘီက စန်ဒီ့ကို လှည့်ကြည့်ပြီး“ အရမ်း ချစ်တာဘဲ စန်ဒီရယ်....” လို့ ပြောလိုက်တဲ့အခါ စန်ဒီက “
စန်ဒီရောဘဲ...ဘေဘီ့ကို အရမ်း ချစ်တယ်...”လို့ ပြန်ပြောလိုက်ပါသည် ။
ဘေဘီ အိမ်အပြန်မှာ ခေါက်ဆွဲကြော်ထုပ်လေး ပါသွားသည် ။
ဦးဘဘွား အတွက် ပါ ။
ဘေဘီသည် ဦးဘဘွားနဲ့ နေသည် လို့ ဆိုမည်ထက် ဦးဘဘွားက ဘေဘီနဲ့နေသည် လို့ ဆိုရင် ပို မှန်မည် ။
ဘာကြောင့်လဲ ဆိုတော့ ဘေဘီသည် ဒီအိမ်ခန်းလေးမှာ ငှားနေနေပြီးတဲ့ နောက်ပိုင်းမှာမှ ဦးဘဘွားသည် ဘေဘီနဲ့ အတူ နေဖို့ ဒီအိမ်ခန်းလေးကို ရောက်လာလို့ ဖြစ်သည် ။
အခန်းက ဘေဘီ့အခန်း ။ ဘေဘီသည်ခြေမသန်တဲ့ ဦးဘဘွား ဒုက္ခတွေ့နေသည်ကို မကြည့်ရက်လို့ သူ့အိမ်ခန်းလေးမှာ ခေါ်ထားသည် ။ ဘီးတပ် ကုလားထိုင် ( ၀ှီးချဲ ) နဲ့ ဦးဘဘွားသည် နားလည်း ကောင်းကောင်း မကြားဘူး ။
ဘေဘီသည် ဦးဇွဲအတွက် ကားမောင်းပေးတဲ့ အလုပ်ကို လုပ်တဲ့အတွက် ဦးဇွဲက သူ့မှာ ရှိတဲ့ ကားတွေ အများကြီးထဲက ကားတစီးကို သုံးခွင့်ပေးသည် ။ သူ့ဆီကို သူခေါ်လိုက်တဲ့အခါ ဘေဘီ လာတဲ့အခါ အဆင်ပြေပြေနဲ့ မြန်မြန် လာနိုင်အောင် ..။
ဦးဇွဲသည် သူ့ကို ဖုန်းနဲ့ ဆက်သွယ်ပြီး ခေါ်တတ်သည် ။
ဦးဇွဲ ဘယ်မှ နေသလဲ ဘေဘီ မသိ ။ ဦးဇွဲအတွက် အလုပ်လုပ်တဲ့လူတွေ ဦးဇွဲ ဘယ်မှာ နေသလဲ ဘယ်သူမှ မသိ ။ အလုပ်လုပ်စရာ ရှိလာရင် ဦးဇွဲက ဖုန်းနဲ့ ခေါ်သည် ။
သူ့မှာ စခန်း၁ ..စခန်း၂ ..စခန်း၃ ဆိုတဲ့ အလုပ်နေရာ သုံးခု ရှိသည် ။ ဒီနေရာတွေမှာ အားလုံး ဆုံရသည် ။
ဦးဇွဲသည် များသောအားဖြင့် တယောက်ထဲ လာသည် ။ တခါတရံမှာ သူ့မဟေသီ မလေးသောင်း ဆိုတာ ပါလာတတ်သည် ။ မလေးသောင်းသည် သူ့မိန်းမလား..သူ့ချစ်သူလား ဆိုတာလည်း ဘယ်သူမှ မသိ ။ သူက ဘာမှ မပြောပြ ။ အလုပ်အကြောင်းဘဲ ပြောသူ တယောက် ပါ ။
လှို့ဝှက် သိပ်သည်းတဲ့ လူတယောက် လို့ ဘေဘီ ထင်သည် ။ ဦးဇွဲသည် တိုက်ခိုက်ရမယ့် ဘဏ်တွေ ဆိုင်တွေ
အိမ်တွေကို ကြိုတင် လေ့လာ ဆည်းပူးထားပြီး လုပ်မယ့် သူ့လူတွေကို အသေးစိတ် သင်ကြား ပြသပေးသည် ။
ဘေဘီကတော့ ဒရိုင်ဘာ သက်သက် ။
ကားမောင်း ကျွမ်းလွန်းတဲ့ ဘေဘီသည် ရဲတွေ လက်က လွတ်အောင် ရုန်းထွက်နိုင်တဲ့သူမို့ ဘေဘီ့ကို သူ့လုပ်ငန်းမှာ ခိုင်းထားသည် ။
ဦးဇွဲသည် အလုပ်လုပ်ရာမှာ လူအမြဲ ပြောင်းသုံးတတ်သည် ။ ကားမောင်းသူဆိုတော့ မပြောင်းဘူး ။ ဘေဘီ့ကိုဘဲ မောင်းခိုင်းသည် ။
အိမ်ထဲကို ၀င်လိုက်တဲ့အချိန် ဘီးတပ် ကုလားထိုင်ကို လက်နဲ့ တွန်းရင်း သူ့ကို အပြုံးနဲ့ ဆီးကြိုနေတဲ့ ဦးဘဘွား ကို တွေ့လိုက်ရသည် ။
“ ဘကြီးဘွား....ဆာနေပြီလား....ဆောရီးဘဲဗျာ..ကျနော် နောက်ကျသွားတယ်...”
“ ရတယ် ဘေဘီ..ငါ မဆာသေးပါဘူးကွ....”
စားပွဲပေါ်ကို ခေါက်ဆွဲထုပ် တင်လိုက်ပြီး...“ ကျနော် ဘာကြောင့် နောက်ကျသလဲ သိချင်လား....” လို့ ဘေဘီက
ဦးဘဘွားကို မေးလိုက်သည် ။
“ ဟေ...လင်းစမ်းပါအုံး ဘေဘီရယ်...ဘာကြောင့်များလဲ....”
ဦးဘဘွားက ခေါက်ဆွဲကြော်ဘူးကို ဖွင့်ကြည့်ရင်း မေးလိုက်သည် ။
“ အဟဲ....ကျနော်..ချစ်သူ ရနေပြီ....ဘကြီးဘွားရဲ့...အင်း..ကျနော့် ချစ်သူလေးနဲ့ လျောက်လည်နေလို့...နည်းနည်း
နောက်ကျသွားတယ်.....”
“ ဟေ.....ဟုတ်လား....ဟား.......ကောင်းပါ့ကွာ.....မင်း ချစ်သူလေးက ဘယ်သူလဲ...နံမည်လေးက ဘာလဲ...”
“ သူ့နံမည်က စန်ဒီ … . ”
“ စန်ဒီ...ဟုတ်လား.....”
“ အင်း.....”
ဘေဘီက ဖုန်းနဲ့ ၇ိုက်ထားတဲ့ စန်ဒီ့ ဓါတ်ပုံလေးကို ဦးဘဘွားကို ပြလိုက်သည် ။
“ ဟာ.....တယ်လှပါလားကွ...ဘေဘီ.....”
ဘေဘီက သဘောကျစွာနဲ့ ပြုံးနေသည် ။အလုပ်ကို အလာ စီးလာတဲ့ ဘတ်စ်ကား က လမ်းမှာ စက်ပျက်လို့ နည်းနည်း နောက်ကျနေတာနဲ့ စန်ဒီလည်း
ဆိုင်ထဲကို ခပ်သွက်သွက်လေး လှမ်းပြီး ၀င်လိုက်သည် ။ ဒီနေ့ နေ့ဂျူတီ လုပ်မယ် ဆိုတာကို ဘေဘီ့ကို မပြောဖြစ်သေးဘူး ။
ဆိုင်ထဲကို ရောက်တော့ ကောင်တာမှာ ရှိနေတဲ့ နေ့ဆိုင်း မန်နေဂျာ မနန်းက စန်ဒီ့ကို မြင်လိုက်တဲ့အချိန် နံရံက နာရီကိုပါ လှမ်းကြည့်လိုက်သည် ။
နင် နောက်ကျနေတယ် ဆိုတဲ့ သဘော အဓိပ္ပါယ် ပေါ့ ။
ဟင်....ဘေဘီ....
စားပွဲတလုံးမှာ ဂျာနယ် တစောင်ကို ဖတ်နေတဲ့ ဘေဘီ့ကို စန်ဒီ တွေ့လိုက်ရလို့ အံ့သြသွားသည် ။ စန်ဒီ နေ့ဖက် ဂျူတီကို ပြောင်းလိုက်တာ ဘေဘီ
ဘယ်လို သိပါလိမ့် ။
စန်ဒီ့မျက်နှာလေးက ပြုံးစိစိ ဖြစ်သွားသည် ။
“ ဟိတ်....ဘေဘီ....” လို့ သူ့စားပွဲဘေးမှာ ရပ်ပြီး ခေါ်လိုက်သည် ။
“ ဟင်..စန်ဒီ.....”
ဘေဘီရဲ့ ပြုံးပြီး ကြည့်တဲ့ အကြည့်ထဲမှာ “ အချစ် ”တွေ အများကြီးကို စန်ဒီ တွေ့လိုက်သည် ။
“ ခဏ...နောက်ကျနေလို့ အရင် ၀င်လိုက်အုံးမယ်.....” လို့ ဘေဘီ့ကို ပြောပြီ စန်ဒီ အတွင်းခန်းကို ၀င်သည် ။
ခဏကြာတော့ စန်ဒီ ဘေဘီ့စားပွဲကို ရောက်လာသည် ။
ဘေဘီက ကော်ဖီတခွက်ကို မှာသောက်ထားတာ တွေ့ရသည် ။
“ ဘေဘီ ဘာစားမလဲဟင်....”
“ စန်ဒီနဲ့ ၂ယောက် အတူတူ စားချင်တယ်....”
“ စန်ဒီက အလုပ်လုပ်နေတာ ဘေဘီ...အတူတူ ထိုင် စားလို့ မရဘူး.....အလုပ်ပိတ်ရက်ကျမှ ကွာ...”
ဘေဘီက သူ့ဖုန်းလေးကို စားပွဲပေါ်က ကော်ဖီခွက် ဘေးမှာ ချထားသည် ။
“ ဘေဘီ..”
“ ဟင်..စန်ဒီ....”
“ စန်ဒီ နေ့ဖက် ဆင်းတာ ဘေဘီ ဘယ်လို သိလဲဟင်....”
“ ဟင်း..သိတာပေါ့..ဘေဘီက ဆားပုလင်း နှင်းမောင်ရဲ့ ဘော်ဒါလေ....”
“ ဘေဘီ့ကို တွေ့ရတာ စန်ဒီ အရမ်း ၀မ်းသာတာဘဲ ….”
“ စန်ဒီ့ကို ဘေဘီက အမြဲတမ်း တွေ့ချင်နေတာ....”
“ တကယ် ဟုတ်လို့လား.....”
“ အင်း...တကယ်....စန်ဒီ့ကို သိပ် ချစ်တယ် ...”
စန်ဒီက ဘေဘီ့ကို စိုက်ကြည့်ပြီး..“ သိတယ်..စန်ဒီလည်း ဘေဘီ့ကို သိပ် ချစ်တယ်...” လို့ ပြောလိုက်တဲ့ အ
ချိန် ကောင်တာက မနန်းက “ စန်ဒီမရေ...” လို့ လှမ်းခေါ်လိုက်တာကြောင့် စန်ဒီလည်း မနန်းဖက်ကို လှည့်ကြည့်လိုက်သည် ။
“ မနန်း..ဘာလဲဟင်....” လို့လည်း ပြန်မေးလိုက်သည် ။
မနန်းက “ အိမ်သာခန်း ညစ်ပတ်နေတယ်...ဆေးလိုက်အုံး စန်ဒီ...” လို့ ပြောလိုက်သည် ။
ဟွန်း....စိတ်ထဲက တအား မုန်းသွားသည် ။ သက်သက် ဂျေ ဖြစ်တာ.. ။ သူ့ထက်သာ မနာလိုတဲ့ဟာကြီး ။
ပါးစပ်ကတော့ “ ဟုတ်..ဆေးလိုက်မယ်...” လို့ ပြောပြီး ဘေဘီ့ကို “ ခဏစောင့် ဘေဘီ ” လို့ အပြုံးလေးနဲ့
ပြောပြီး အတွင်းခန်းကို ၀င်လိုက်သည် ။
စိတ်ထဲက မနန်းကို ကျိန်ဆဲနေမိသည် ။ အလကား..လင်မရနိုင်တဲ့ အပျိုဟိုင်းကြီး....သူမရတိုင်း သူများကို မနာလို
ဝန်တို ဖြစ်နေတာ ...။
ဘေဘီသည် စန်ဒီ့ကို စောင့်နေသည် ။
စန်ဒီနဲ့ သူ အလုပ်နားရက်တွေမှာ တွေ့ကြတာ ၂ကြိမ် ရှိပြီ ။ ပထမဆုံး တွေ့တဲ့ရက်က စန်ဒီနဲ့ တရုပ်စာ
အတူတူ စားသည် ။ နောက်တခါ တွေ့ကြတော့ ကေအက်ဖ်စီ ကြက်ကြော် အတူတူ စားသည် ။ စကားတွေ
ပြောမကုန်ဘူး ။ ကုန်တိုက် တခုကို သွားပြီး စန်ဒီ့အတွက် သူ အ၀တ်အစားတွေ ၀ယ်ပေးသည် ။ စန်ဒီကလည်း
သူ့အတွက် ဟန်းချိန်းလေး တခုနဲ့ လက်ပတ်နာရီလေး ၀ယ်ပေးသည် ။ စန်ဒီ့လက်ကလေးကို သူ
ဆုပ်ကိုင်ထားပြီး ကား အဝေးကြီး မောင်းသည် ။ အရမ်း ပျော်ကြသည် ။ ဘေဘီ့ အတွေးတွေထဲ စန်ဒီ အမြဲ ရှိ
သည် ။ စန်ဒီ့ကို ဘေဘီ တအား ချစ်မိနေသည် ။
ဂီဂီဂီ....ဂီဂီ..ဂိ.....
စားပွဲပေါ်မှာ ချထားတဲ့ ဖုန်းကလေး တုန်ခါ လှုပ်နေသည် ။
ဦးဇွဲ ခေါ်နေပြီ ..။
ဒီဖုန်းကို ခေါ်မယ့်သူ နှစ်ဦးဘဲ ရှိသည် ။ စန်ဒီနဲ့ဦးဇွဲ ..။ စန်ဒီ့ဆိုင်ထဲမှာ ရောက်နေပြီး စန်ဒီက အလုပ်ရှုပ်နေတော့ ခေါ်တာဟာ ဦးဇွဲ ဆိုတာ သေချာနေသည်လေ ။
“ ဘေဘီ ပါ ...”
“ ဘေဘီ..ဦးဇွဲပါ ...ဒို့တတွေ အတွက် ပါတီ တခု သွားဖို့ ရှိလာပြန်ပြီဟေ့..ဘေဘီ..”
“ ဟုတ်ကဲ့ ဦးဇွဲ....ဘယ်တော့ လာခဲ့ရမလဲဟင်....”
“ နေ့လည် ၁၂ တိတိ....စခန်း၁ ကို....”
“ အိုကေ ဦးဇွဲ...လာခဲ့မယ်....”
ဦးဇွဲ ခေါ်ပြီ ။ အလုပ်ပေါ်ပြန်ပြီ ။ အင်း....ဦးဇွဲအတွက် ကားမောင်းပေးတိုင်း ဦးဇွဲက ဝေစု ကောင်းကောင်း ပေး
သည် ။ ဘေဘီ စုထားသည် ။ တနေ့ကျရင် ဒီအလုပ်ကို ရာသက်ပန် နားလိုက်မည် ။ ဘယ်တော့မှ မလုပ်တော့
ဘူး။ အရမ်းဝေးတဲ့ တနေရာမှာ ဘ၀ကို စန်ဒီနဲ့ အတူတူ ဇာတ်မြုပ်လိုက်မည် ။
အခုတော့ မိုးရွာတုံး ရေခံလိုက်ဦးမည် ။
တော်တော်လေး ကြာတော့ စန်ဒီ ဘေဘီ့ဆီကို ပြန်ရောက်လာသည် ။
“ ဆာနေပြီလား..ဘေဘီ.....”
“ ဟင့်အင်း....စန်ဒီ..ဆာဘူး......ဘေဘီ့ ဘောစိ ခေါ်လို့ ဘေဘီ သွားရဦးမယ်....နောက်မှ တွေ့မယ်..စန်ဒီ..”
“ ဟွန်း....အကြာကြီးလည်း မတွေ့ရဘူး....”
“ အလုပ်ဆင်းရင်...ဖုန်းဆက်လေ....”
“ အိုကေ ဘေဘီ.....သတိရနေမယ် ...”
ဘေဘီ ထွက်သွားတာကို ငေးကြည့်နေတဲ့ စန်ဒီ့ကို မန်နေဂျာ မနန်းက မျက်စောင်းထိုးပြီး ပါးစပ်က ခပ်တိုးတိုး
ရေရွတ်နေတာကို စန်ဒီ မမြင်လိုက် ။ ဘေဘီ့ကိုဘဲ အာရုံစိုက်နေသည် ။
ဘေဘီ သည် ဟွန်ဒါဖစ်ကားဖြူလေးထဲမှာ ထိုင်လိုက်ပြီး ထိုင်ခုံခါးပတ်ကို ဆွဲပတ်လိုက်သည် ။
ပြီးတော့ စီဒီစက်က ခလုပ်လေးကို ဖိနှိပ်လိုက်သည် ။
Rolling Stone ရဲ့ Paint It Black ဆိုတဲ့ သီချင်း က ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည် ။ ဘေဘီ ကားကို ခပ်မှန်မှန် ခပ်ဖြည်းဖြည်း မောင်းထွက်လိုက်သည် ။
ဦးဇွဲက ကျောက်သင်ပုန်းပေါ်မှာ မြေပုံဆွဲပြနေသည် ။
ဘေဘီ အပါအ၀င် လူလေးယောက်က ဦးဇွဲ ပြောတာတွေကို သေသေချာချာ နားထောင်နေကြသည် ။
“ ဒီနေရာက ဘေဘီ ကား ရပ်စောင့်မယ့်နေရာ.....ဒီဟာက ဒီ မန်နီချိန်ဂျာ ဆိုင်ရဲ့ မိန်း ၀င်ပေါက်..... ဒါက လမ်းမကြီး.....အလုပ်ပြီးလို့ ထွက်ဖို့က ဒီလမ်းက ကောင်းတယ်.....”
“ ဒီတခါ လုပ်ရမယ့် အလုပ်က အက်ရှင် ပိုများနိုင်တယ် ဆိုတာကို သတိချပ်ကြ....အခု လုပ်မယ့်နေရာမှာက လုံခြုံရေး ရှိတယ်....ငွေတွေ အစုလိုက် အပြုံလိုက် ရှိနေတဲ့ နေရာ ဆိုတော့ သူတို့ဖက်ကလည်း ကြိုတင် ပြင်ဆင်ထားတာမျိုးတွေ ရှိနေတာပေါ့..ဒီတော့ အားလုံး မျက်နှာဖုံး စွပ်ကြရမယ်......လက်နက်ကောင်းကောင်း ပါသွားရမယ်...အရေးဆို လက်မြန်မြန်နဲ့ ပစ်ခတ်ရမယ်.....လုံခြုံရေးက လက်နက်မပါဘဲ လက်ပိုက်ပြီး ရပ်နေမယ့် ဟာ ရှိသလို အရပ်ဝတ်နဲ့ဘဲ လက်နက်ကိုင်ထားတဲ့ လုံခြုံရေး လည်း ရှိနိုင်တယ်....နယ်မြေခံ ရဲစခန်းနဲ့ အလွမ်းသင့်တာကြောင့် အလုပ်အားနေတဲ့ ဂျူတီချိန် မဟုတ်တဲ့ ရဲတယောက်ယောက်က အဲ့မှာ ရှိနေနိုင်တာကို ပြောတာ....သတိဆိုတာ ပိုတယ် မရှိဘူး.....လက်နက်မဲ့ သာမန်လူတွေဘဲ ဆိုပြီး မပေါ့ဖို့ ကြိုပြောထားတာ...”
ဦးဇွဲက အစစအရာရာကို ကြိုတင် လေ့လာထားပြီး အကွက်ချပေးသည် ။
လက်နက်လည်း ရှာပေးသည် ။ ကားတွေလည်း စီစဉ်ပေးသည် ။ ကားတွေက ထိုင်းဖက်ကနေ ခိုးသွင်းထားတဲ့ဝစ်သောက်..( လိုင်စင်မဲ့ )ကားတွေကို သူ သုံးသည် ။ ဟိုဖက်မှာလည်း ခိုးထားတဲ့ ခိုးကားတွေပေါ့ ။ ပေါပေါလောလောနဲ့ ရသလို စွန့်ပစ်ထားခဲ့လို့လည်း ရသည် ။ ရဲ နောက်ယောင်ခံ လိုက်ဖို့ မလွယ်တာတွေပေါ့ ။
“ ကဲ ဘာမရှင်းတာ ရှိသေးလဲ ….. ”
ဦးဇွဲက စားပွဲရှည်ပေါ်က ကော်ဖီခွက်ကို ယူပြီး သောက်လိုက်ရင်း မေးသည် ။
သူ့ပုံစံက ဓါးပြဂိုဏ်း ခေါင်းဆောင် တယောက်နဲ့ မတူဘဲ တက္ကသိုလ် တခုခုက ကထိက ဆရာကြီး တယောက်နဲ့ တူနေသည် ။ တိုက်ပုံ အဖြူ ကော်လံပြတ်အင်္ကျီ အဖြူ...ယောလုံချည် အနက်စင်းနဲ့ ။ ရွှေရောင်ကိုင်း ပါဝါမျက်မှန် အ၀ိုင်းလေးနဲ့ ။ ဥပတိရုပ်ကလည်း တချိန်က ရုပ်ရှင်မင်းသားကြီး နေအောင်လို ဒီဇိုင်း ။
ဇက်.....ဘောကြီး....ဇွန်သလ္လာ......ဘေဘီ ...။
ဦးဇွဲ တွဲဖက် စီစဉ်ထားတဲ့ အဖွဲ့သားတွေ ။
စားပွဲပေါ်မှာ ဒီတခါ သုံးရမယ့် လက်နက်တွေ တင်ထားသည် ။
အမ်၁၆ မောင်းပြန် ရိုင်ဖယ် နှစ်လက်နဲ့ ပစ္စတို သုံးလက် ဖြစ်သည် ။
ဇက်က ဦးဇွဲရဲ့ တပည့်ဟောင်း တယောက် ဖြစ်သည် ။ လူပြောင်းသုံးချင်လို့ မြ၀တီဖက်ကနေ ပြန်ခေါ်လိုက်တာ ။
သွေးအေးအေးနဲ့ တခုခုဆို ရက်ရက်စက်စက် လက်ရဲဇက်ရဲ လုပ်လေ့ရှိတဲ့ကောင် လို့ ဘေဘီ့ကို ဦးဇွဲက အရင်တုံးက ပြောပြဘူးသည် ။
ဘောကြီး က ရန်ကုန်ကဘဲ ။ တရုပ်တန်း လူမိုက်ပေါက်စလေး ဘ၀ကနေ လက်နက်ကိုင် ဓါးပြတယောက်ဖြစ်လာတဲ့ကောင် ။ သူ့နံမည်ရင်း
ရှိပေမယ့် ဘ၀တူတွေက သူ့ကို “ ဘောကြီး ” လို့ဘဲ ခေါ်ကြတာ များသည် ။
ဘောကြီး သည် နိုင်ငံတ၀ှမ်းလုံး လိုက် ဓါးပြတိုက်ခဲ့ရင်း ဇွန်သလ္လာနဲ့ တွေ့ပြီး ကြိုက်သွားသည် ။ ဇွန်သလ္လာကလည်း နံမည်ကြီး သူခိုးမ
တယောက် ဖြစ်သည် ။ ဘောကြီးနဲ့ ဇွန်သလ္လာတို့ ပေါင်းမိကြတော့ ဓါးပြနဲ့သူခိုး စုံတွဲသည် ဒုစရိုက်မှု မျိုးစုံကို လက်တွဲပြီး
ကျူးလွန်ကြတော့တာ နံမည်ကြီးလာသည် ။ အခုထိ ရဲတပ်ဖွဲ့က
ခြေရာခံလိုက်လို့ မရအောင်ကို ပိပိရိရိနဲ့ အောင်မြင်နေကြသည် ။ ဦးဇွဲက လူကောင်းတွေ ရှာနေတော့ သူတို့ကို
ခေါ်သုံးကြည့်တာ ဖြစ်သည် ။
ဇွန်သလ္လာသည် တကယ့်ကို ဆူဖြိုးတောင့်တင်းတဲ့ ဆက်ဆီ အကိတ်ကြီး ...။ မျက်လုံးရွဲကြီးတွေနဲ့ လူကို စိုက်
ကြည့်တတ်သည် ။
ဘောကြီး က ဇွန်သလ္လာကို တခြားလူ ကြည့်ရင် မကြိုက်ဘူး ။ ဇွန်သလ္လာကလည်း လမ်း
လျောက်ရင် ဖင်က လှုပ်တုန်နေလို့ ယောက်ျားသားတွေကလည်း သမင်လည်ပြန်တောင် ကြည့်ကြတော့ ဘောကြီး လည်း အမြဲ မခံချင်စိတ်နဲ့ ရန်ဖြစ်တတ်သည် ။
ဘေဘီ့ကိုလည်း ဇွန်သလ္လာက ညုတုတု လုပ်ချင်သည် ။ ဘေဘီက ဇွန်သလ္လာကို ခပ်တန်းတန်းဘဲ နေသည် ။ဆက်ဆံသည် ။ ဘောကြီးကလည်း ဘေဘီကို ချာတိတ်လေး ဆိုပြီး အထင်သေးသည် ။ ကျောတောတောလုပ်ချင်သည် ။
ဘောကြီးက အခု အလုပ်မှာလည်း သူက ခေါင်းဆောင် လုပ်ရမည် လို့ ထင်နေသည် ။
ဘေဘီလည်း ဒီအလုပ်ကို လုပ်ခဲ့တာ ငါးကြိမ် ရှိနေပြီ ။ ဦးဇွဲကဘဲ စီစဉ်သူ ဦးဆောင်သူ ဖြစ်သည် ။ သူဘဲ
ခေါင်းဆောင် ဖြစ်သည် ။
ဘောကြီး ကို ခေါင်းဆောင်လို့ သဘောထားလို့ မရ ။
ဘောကြီးက ဟောက်စား လုပ်ချင်သည် ။ အခု သွားလုပ်မယ့် အလုပ်မှာ ဘေဘီလည်း သေနတ်ကိုင်ရမည်..လိုအပ်ရင် ပစ်ခတ်ရမည် လို့ ပြောသည် ။ ဦးဇွဲက “ ဘေဘီက ကားမောင်းတာကိုဘဲ ဂရုစိုက်သေနတ်ကိုင်တာ ပစ်တာက မင်းတို့ ကျန်တဲ့ သုံးယောက် ရဲ့ အလုပ်....” လို့ ၀င်ပြောလိုက်မှ ဘောကြီး ငြိမ်သွားသည် ။
ဘေဘီက သေနတ် မကိုင်ချင် ။ ကားမောင်းဖို့ဘဲ တာဝန်ယူထားတာ ။ ရဲတွေ လိုက်ခဲ့ရင် ၀ိုင်းထားရင် လွတ်အောင် မောင်းပြေးဖို့က ဘေဘီ့တာဝန် ။ ဒီတခါ လုပ်ရတဲ့နေရာက တကယ့် စည်ကားတဲ့ ရန်ကုန်မြို့က အချက်အချာကျတဲ့ နေရာ တခု မှာ ဖြစ်သည် ။
ပရာဒိုကား အနက်ရောင်ကြီးကို သုံးရသည် ။
ဘေဘီသည် အနက်ရောင် ရေဘင် နေကာ မျက်မှန်ကို တပ်ထားသည် ။ ဘယ်ဖက် ရင်ဘတ်မှာ အနက်ရောင် မိချောင်းရုပ်လေး ပါတဲ့ လာကို့စ် စပို့ရှပ် အစိမ်းနုရောင် နဲ့ဘောင်းဘီ အစိမ်းပုတ်ရောင်ကို ၀တ်ထားသည် ။ ဘယ်လက် မှာက သားရေကြိုး အစိမ်းနဲ့ ဒိုင်ခွက်ခလယ်မှာ မိချောင်းရုပ်လေး ပါတဲ့လာကို့စ်နာရီကိုပတ်ထားသည် ။ စီးထားတဲ့ ဖိနပ်က လည်း မိချောင်းရုပ် အစိမ်းရောင် ပါတဲ့ လာကို့စ် ဖိနပ် ။
ရုပ်ရှင်ရုံ အရှေ့မှာ ဘေဘီ ကားကြီးကို ရပ်လိုက်သည် ။
ကား မရပ်ရတဲ့ အဖြူ အ၀ါကြား ပလက်ဖေါင်း ဖြစ်သည် ။ ဇက်..ဘောကြီး...ဇွန်သလ္လာတို့ ကားပေါ်က ဆင်း
လိုက်ကြသည် ။ ဘေဘီက ကားစက်နှိုးထားရက်နဲ့ စောင့်နေသည် ။
ဇော်ဦးဇော် နိုငငံခြားငွေ လဲလှယ်ရေး ( မန်နီချိန်ဂျာ )ဆိုတဲ့ ဆိုင်းဘုတ် အပြာရောင် နဲ့ ဆိုင်ခန်းကြီးထဲကို ဇက် ..ဘောကြီး နဲ့ဇွန်သလ္လာတို့ ၀င်သွားကြသည် ။ ဇွန်သလ္လာနဲ့ ဘောကြီး သည် ခရီးဆောင် လက်ဆွဲအိတ်ကြီး တလုံးစီကို လွယ်သွားကြသည် ။ ဇက်ကတော့ သားရေ ဂျာကင်တထည်ကို ၀တ်ထားပြီး လက်ထဲမှာ ဘာအိတ်မှ မပါဘူး ။
ဒီနိုင်ငံခြားငွေ လဲတဲ့နေရာကို ဦးဇွဲက အချိန်ယူပြီး လေ့လာပြီးလို့ ဒီနေရာမှာ မြန်မာကျပ် ကုဋေနဲ့ချီပြီး ရှိနေသလို အမေရိကန်ဒေါ်လာ သိန်းဂဏန်းနဲ့ ချီပြီး ရှိနေတာကို သူတို့ သိရှိထားပြီးတာမို့ အခုလို လာပြီး တိုက်တာ ။
ဦးဇွဲ ပြောသလို ဒီဆိုင်မှာ လက်နောက်ပစ်ပြီး ရပ်နေတဲ့ လုံခြုံရေး အစောင့် ရှိနေသည် ။ ဘောကြီးက ဆိုင်ထဲကို ရောက်ရောက်ခြင်း ဒီ လုံခြုံရေးကောင်ရဲ့ နောက်စေ့ကို သူ့ပစ္စတိုသေနတ်ဒင်နဲ့ လွှဲရိုက်ချလိုက်သည် ။
တပြိုင်နက်မှာ ကောင်တာက ငွေပုံကြီး နားက ၀န်ထမ်းတွေကို ဇက်က ပစ္စတို နှစ်လက် နဲ့ ထိုးချိန်လိုက်ပြီး...“ ငွေတွေ အားလုံးကို ငါတို့ လိုချင်တယ်...အိတ်တွေထဲကို ထည့်ပေး....ခုခံရင် ပစ်သတ်မယ်...သေနတ် အစစ်တွေ....ကွ....” လို့ အော်ပြောလိုက်သည် ။
ဇွန်သလ္လာက အိတ်ကြီးတွေကို ပစ်ပေးလိုက်သည် ။ “ ထည့်..ငွေတွေ အကုန်ထည့်....မြန်မြန် လုပ်....” လို့လည်းအော်လိုက်သည် ။ ဘောကြီး ရဲ့ လက်ထဲမှာ ဒင်ခေါက်ထားတဲ့ အမ်၆ မောင်းပြန် ရောက်နေသည် ။
“ မြန်မြန်လုပ်ကြ..ပစ်သတ်လိုက်ရမလား....ခွေးမသားတွေ.....”
ဘောကြီး က အော်ပြောလိုက်တဲ့အချိန် ကားပေါ်က ဘေဘီဆီက မက်ဆေ့ကို သူတို့ သုံးယောက် ရလိုက်သည် ။ စကားပြောစက်က ပေးပို့တာကို နားတွေမှာ တပ်ထားတဲ့ နားကြပ်တွေကနေ ကြားလိုက်ရသည် ။
“ ဆိုင်ထဲကို လူတယောက် ၀င်တော့မယ်...ရဲ ဖြစ်နိုင်တယ်....” တဲ့...။
ဘောကြီး က အမ်၁၆ ပြောင်းကို ဆိုင် တံခါးမကြီးဖက်ကို လှည့်ချိန်လိုက်သည် ။
ဘေဘီပြောတဲ့ လူ ဆိုင်ထဲကို ၀င်လာသည် ။ ဘေဘီပြောတာ မှန်သည် ။ သူ့ညာလက်ထဲမှာ ခြောက်လုံးပြူးသေနတ်တလက် ပါသည် ။
“ ဒိန်း..ထောင်း...ထောင်း...ထောင်း..ဒိန်း....ညောင်း........”
ဘောကြီး ရဲ့ M16 ပြောင်းကနေ မီးပွင့်တွေ နဲ့အတူ ခဲပူတောင့်တွေ တပြုံကြီး ပြေးထွက်သွားသည် ။
ဆိုင်ထဲ ၀င်လာတဲ့လူကို ကျည်တွေ တိုက်ရိုက် ထိမှန်ကုန်သည် ။
“ အား......” ကျယ်လောင်တဲ့ အသံနက်ကြီးနဲ့ အော်ရင်း ဒီလူ ၀ုန်းကနဲ ကြမ်းပေါ်ကို လဲကျသွားသည် ။
“ နမူနာဘဲ....ခုခံမယ် မစဉ်းစားနဲ့ ...မသာပေါ်သွားမယ်.....”
ဇွန်သလ္လာက သေနတ်နဲ့ ချိန်ရင်း အော်ပြောလိုက်သည် ။ ဇက်က ငွေတွေ ထည့်ပြီးတဲ့ အိတ်တွေကို စလွယ်သိုင်းလွယ်လိုက်သည် ။ ဘောကြီး က နောက်ထပ် ငွေ အပြည့်ပါတဲ့
အိတ်တွေကို ကောင်တာပေါ်ကနေ ဆွဲယူလိုက်သည် ။
“ မသာပေါ်ချင်ရင် လိုက်ခဲ့ကြ...ခွေးမသားတွေ....”
ဇက်က အော်ပြောရင်း ရှေ့က ဦးဆောင်ပြီး တံခါးကနေ ထွက်သည် ။ သူတို့သုံးယောက် ထွက်လိုက်တဲ့အချိန်ဘေဘီရဲ့ မက်ဆေ့ကို ထပ်ကြားရသည် ။ “ ဘယ်ဖက်မှာ
လူတယောက်..သတိထား.....”တဲ့ ။
သူတို့ရဲ့ ဘယ်ဖက်မှာ အရပ်ဝတ်နဲ့ လူတယောက် သည် သေနတ်တလက်ကို ချိန်ရင်း ပြေးလာတာကို သူတို့ တွေ့လိုက်သည် ။
“ ဒိန်း..ထောင်းထောင်း...ထိန်း......”
အတွဲလိုက် ..သေနတ်သံတွေနဲ့ အတူ ဒီလူ ကော့လန်ပြီး လဲကျသွားသည် ။
ကားပေါ်ကနေ ဘေဘီ လှမ်း ပစ်လိုက်တာ ။
“ ဟား..ချာတိတ်က ဘယ်ဆိုးလို့တုံး.....”
ဘောကြီး က ချီးကျူးစကား ပြောလိုက်ရင်း ကားပေါ်ကို ကမူးရှူးတိုး ပြေး တက်လိုက်သည် ။ ဇက်က အိတ်တွေကို အနောက်ဖက်ထဲကို ပစ်သွင်းလိုက်သည် ။ သေနတ်ပစ်ခတ်တာတွေကြောင့်
ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေသည် ။ လူတွေ ပြေးကြ အော်ကြ စပ်စုကြနဲ့ ။
ဘေဘီ ကားကို စမောင်းထွက်လိုက်ချိန်မှာ သူ့နောက်ကြည့်မှန်ထဲမှာ ခေါင်မိုးမီးနီတန်း တဖျတ်ဖျတ်နဲ့ ရဲကားတ
စီးကို မြင်လိုက်ရသည် ။
“ ရဲကား....သတိထား.....”
ဘောကြီး က ချက်ချင်းဘဲ ကိုယ်ကို ကားပြူတင်းပေါက်က ထုတ်ပြီး ရဲကားဆီကို အော်တို တတွဲ ဆွဲထည့်လိုက်သည် ။ တထောင်းထောင်း သေနတ်သံတွေနဲ့အတူ ရဲကားရဲ့ရှေ့မှန် တခုလုံး အစိပ်စိပ်အမွှာမွှာ ကွဲကြေကုန်သည် ။
ရဲကားထဲက ရဲတွေကို ထိမထိတော့ မသိ ။ ရဲကားကတော့ ပါမလာတော့ ။
“ ဟားဟားဟား......ဟားဟား.....”
အရှိန်ပြင်းပြင်းနဲ့ မောင်းနေတဲ့ ကားပေါ်မှာ မောင်းပြန်ရိုင်ဖယ်ကိုင် ဘောကြီး နဲ့ ဇွန်သလ္လာတို့က လိုက်လာမယ့် ရဲကားတွေ ရှိမရှိ အနောက်ကို လှည့်ကြည့်နေကြသည် ။
ဘေဘီက နားကြပ်နဲ့ ( Rolling Stone ) ရဲ့ ( Brown Sugar ) ဆိုတဲ့ သီချင်းကို ကျယ်ကျယ်လောင်လောင် ဖွင့်နားထောင်ရင်း ကားကို အရှိန်
မြှင့်ပြီး မောင်းနေသည် ။
“ ခြောက်မိုင်ခွဲမှာ ကား လဲမယ်.....” လို့ ဘေဘီက ပြောလိုက်သည် ။
ဇက်က လေချွန်နေသည် ။
စိုင်းထီးဆိုင်ရဲ့ သီချင်းတပုဒ်ရဲ့ အလိုက်ကို လေချွန်နေတာ ။ “ ပျံသာပျံပါ ရွှေဟင်္သာ ” ဆိုတဲ့ သီချင်း ။
ဦးဇွဲ ရဲ့ မျက်နှာကြီး ပြုံးနေသည် ။
ဒီတခါ လုပ်လိုက်တာက အချီကြီး ။ အရင် ဘဏ်တွေကို အခေါက်ခေါက် တိုက်တာထက် အဆပေါင်းများစွာ ရလိုက်လို့ ။ အမေရိကန်ဒေါ်လာတွေ စုပုံပြီး တထောကြီး ရလိုက်တာက သူတို့အတွက် တကယ့် ဆုကြီး ။
ချက်ချင်းဘဲ ငွေထုပ်တွေကို ခွဲဝေပေးသည် ။
“ ဘယ်လိုလဲ ဘောကြီး . . မင်း ဘေဘီ့ကို လေးစားသွားပြီ မဟုတ်လား...အရေးဆို ဘေဘီက အားကိုး ရပါတယ်ကွ....”
ဘောကြီး က တဟဲဟဲနဲ့ ခေါင်းညှိမ့်သည် ။
“ ဟုတ်တယ်..ကျနော်တို့ကို ပစ်မယ့်ကောင်ကို ဘေဘီက ဦးအောင် နှိပ်ထည့်လိုက်တာ...ကျနော်တို့ အသက်ကို ကယ်လိုက်တာပေါ့ ..ဆရာဇွဲ.....ကျေးဇူးပါ ဘေဘီရေ......” လို့ ဘောကြီး က ပြောလိုက်သည် ။
ဦးဇွဲက “ ကဲ ကိုယ့်ဝေစုတွေ ကိုယ်ပိုက်ပြီး တိမ်းကြတော့..ဝေးဝေးမှာ သွား ရှောင်နေကြကွာ..ဝေးလေ ကောင်းလေ.....” လို့ ပြောလိုက်သည် ။
ဘေဘီက ဦးဇွဲနဲ့ ကျန်တဲ့ အဖွဲ့သားတွေကို နုတ်ဆက်ပြီး အိတ်ကလေးကို ကောက် လွယ်ပြီး အခန်းထဲက ထွက် လိုက်သည် ။
ဦးဇွဲက “ ဘေဘီ..အလုပ်ပေါ်ရင် ဖုန်းနဲ့ ခေါ်လိုက်မယ်ကွာ....” လို့ လှမ်းပြောလိုက်တဲ့အခါ ဘေဘီက ခေါင်းဆတ်ပြသည် ။
စန်ဒီသည် ဆိုင်ရှေ့မှာ ဘေဘီ့ကို မျှော်နေသည် ။
အလုပ်ဆငးတဲ့အချိန် အိမ်သာထဲ ၀င်ပြီး အ၀တ်တွေ လဲလိုက်သည် ။ စန်ဒီသည် ပါးလွှာတဲ့ ချည်သား ဘလောက်စ် အဖြူရောင်လေးနဲ့ အောက်က ဖြူလျော်ပြီး ပေါက်နေတဲ့ ဂျင်းဘောင်းဘီတိုလေးကို ၀တ်ထားသည် ။
ဖိနပ်က ပူးမား အမျိုးအစား အဖြူရောင် ကင်းဘတ်စ်လေး ။
အလုပ်က ခွင့်ယူထားသည် ။ ဘေဘီပြောထားလို့ ကြိုတင် ယူထားတာ ။
ဘေဘီက ဒီနေ့ ညနေ လာခေါ်မည်..ပင်လယ်ကမ်းခြေ တနေရာကို သွားကြမည် လို့ ပြောထားသည် ။
သတ်မှတ်တဲ့ အချိန် ရောက်နေပေမယ့် ဘေဘီက ပေါ်မလာသေးလို့ စန်ဒီ ဆိုင်ရှေ့မှာ မျှော်နေရတာ စိတ်ပင်ပန်းလှပြီ ။
ဟော....ဟွန်ဒါဖစ်ကား အဖြူလေး ကို အဝေးက လာနေတာ တွေ့လိုက်ရသည် ။ စန်ဒီ ပြုံးသွားသည် ။
ဘေဘီ လာနေပြီ ။ ဘေဘီ့ကားလေး ထိုးဆိုက်လိုက်တာနဲ့ မှန်ချပ်လေးက တတိတိနဲ့ ဆင်းကျ ပွင့်သွားသည် ။
“ စန်ဒီ.....”
“ ဘေဘီ ….”
“ ဆောရီးဘဲ ကားတွေ ကြပ်နေလို့ နည်းနည်း နောက်ကျသွားတယ်...”
“ ကိစ္စ မရှိဘူး....ဘေဘီ.....ရတယ်....”
စန်ဒီ ကားထဲကို ၀င်ထိုင်လိုက်တဲ့အခါ ဘေဘီသည် ကားစီဒီနဲ့ ရှေးခေတ်က သီချင်းတပုဒ်ကို ဖွင့်ထားတာကို ကြားလိုက်ရသည် ။
အဆိုတော် မြန်မာပြည် သိန်းတန် ရဲ့ “ ရွှေရုပ်ကလေး ကောက်၇သူ ” ဆိုတဲ့ သီချင်းလေး ပါ ။
ဘေဘီနဲ့ စန်ဒီသည် ငွေဆောင် ပင်လယ်ကမ်းခြေဆီကို ဦးတည်ပြီး သွားနေသည် ။
မှုခင်းတပ်ဖွဲ့( စီအိုင်ဒီ )
အထူးစုံစမ်းစစ်ဆေးရေး အထူးအဖွဲ့ခွဲ ။
ရဲအုပ်မှုံရတီ သည် စောစောက သူ့တပည့်မ ရဲမေ ခင်သူသူ လာပေးသွားတဲ့ ကော်ဖီကို တစိမ့်စိမ့်သောက်ရင်း လှည်းတန်းလမ်းဆုံမီးပွိုင့်မှာ တပ်ထားတဲ့ စီစီတီဗီ ကင်မရာတွေက ရထားတဲ့ ပုံတွေကို အသေးစိတ် လေ့လာ ကြည့်ရှုနေသည် ။
လတိုင်းလိုလို တလခြားလိုလို ဖြစ်နေတဲ့ ဘဏ် ဓါးပြမှုတွေက သူတို့ ရဲစုံထောက်တွေ စုံစမ်းထောက်လှမ်းနေကြပေမယ့် တနှစ်ကျော်လာတဲ့တိုင် ဘာမှ ထူးထူးခြားခြား မရှိလို့ ထိပ်ပိုင်းက လူကြီးတွေလည်း အစည်းအဝေးတွေမှာ ဒီ ဓါးပြမှုတွေကို ကြပ်ကြပ်မတ်မတ် လိုက်ကြဖို့ ဖေါ်ထုတ်ကြဖို့ ပြောဆိုကြသည် ။
မှုံရတီတို့ ရဲမှူး ဦးမင်းသက်ဇော်အောင် ကလည်း နောက်ဆုံး ဖြစ်သွားတဲ့ နိုင်ငံခြားကွေ လဲလှယ်ရေး လုပ်ငန်း
မှာ တိုက်သွားတဲ့အမှုကို ဖြစ်ဖြစ်ချင်း မှုံရတီ အပါအ၀င် မှုခင်းစုံထောက်တွေကို လွှတ်ပြီး သဲလွန်စ သေသေချာချာ ရှာခိုင်းသည် ။ တာဝန်ခွဲပြီး လုပ်ခိုင်းသည် ။ လက်ဗွေ ရှာသူက ရှာ......စီစီတီဗီက ပုံတွေ ရှာသူက ရှာ....လက်နက်သုံးသွားတဲ့အတွက် ပစ်ခတ်သွားလို့ ကျခဲ့တဲ့ ကျည်ခွံတွေ..ကို စစ်ဆေး..သုံးသွားတဲ့ လက်နက် အမျိုးအစားတွေကို ဖေါ်ထုတ်တဲ့လူက ဖေါ်ထုတ်..မျက်မြင်သက်သေတွေကို စစ်တဲ့လူက စစ် လုပ်ခိုင်းသည် ။
ဆက်တိုက် ဖြစ်ခဲ့တဲ့ ဓါးပြမှုတွေဟာ တခုနဲ့တခု ဆက်စပ်မှု ရှိကြသည် လို့ မှုံရတီတို့ မှုခင်းတပ်ဖွဲ့ စုံထောက်
အရာရှိတွေက ထင်မြင်သည် ။ ကျူးလွန်သူ ဓါးပြတွေရဲ့ ပုံပန်းတွေကို ကင်မရာတွေမှာ ရလိုက်တာတွေ...အတိုက်ခံရတဲ့လူတွေရဲ့ တွေ့ရှိ အစစ်ခံချက်တွေ အရ တမှုနဲ့ တမှုမှာ ဓါးပြတွေဟာ မတူကြပေမယ့် လုပ်တာကိုင်တာ လက်ရာခြေရာကို ကြည့်တဲ့အခါ တဖွဲ့ထဲက လုပ်နေသည် လို့ ယူဆကြသည် ။
မှုံရတီသည် မီးပွိုင့်အပေါ်က ကင်မရာလေးက ရလိုက်တဲ့ ဓါးပြတွေရဲ့ ပရာဒိုကားကြီးရဲ့ ပုံကို အကြီးချဲ့ထားတဲ့ပုံက ကားမောင်းသူရဲ့ မျက်နှာပုံကို သေသေချာချာ စိုက်ကြည့်နေသည် ။ ရေဘင်နေကာ မျက်မှန် တပ်ထားတဲ့ကားမောင်းသူသည် အသက် ၁၈ ကနေ ၂၂နှစ်အကြား ရှိတဲ့ လူငယ်တယောက်ပါ ။ ပုံကြီးချဲ့လိုက်တာကြောင့် ပုံက၀ါးတားတား ဖြစ်သွားလို့ရယ်...နေကာမျက်မှန် တပ်ထားလို့ရယ်ကြောင့် သူ့မျက်နှာကို သေသေချာချာ ပြတ်ပြတ်သားသား မတွေ့ရ ။
မန်နီချိန်ဂျာထဲကို ၀င်တိုက်တဲ့ သုံးယောက်ဟာလည်း မျက်နှာဖုံးတွေ စွပ်ထားကြတာကြောင့် သူတို့ရဲ့ ကိုယ်လုံးကိုယ်ဟန် နဲ့ လှုပ်ရှားပုံတွေကိုဘဲ မှုံရတီတို့ ရလိုက်သည်။ သုံးယောက်အနက် တယောက်က မိန်းမတယောက် ဆိုတာ သိလိုက်ရတာနဲ့ လူဆိုးစားရင်းဝင် မိန်းမတွေကို ပြန်စစ်ကြည့်နေကြသည် ။
ဒီ ဓါးပြမှုမှာ ဓါးပြတွေ ပစ်ခတ်မှုကြောင့် လူနှစ်ယောက် သေသည် ။ သူတို့သည် ဆိုင်က သူတို့ဆိုင် လုံခြုံရေးအတွက် တရားမ၀င် ငှားရမ်းထားတဲ့ လူမိုက်ဂိုဏ်းတဂိုဏ်းက လူမိုက်တွေ ဖြစ်သည်လို့ သူတို့ စုံစမ်းဖေါ်ထုတ်လို့ရသည် ။ ဆိုင်ပိုင်ရှင် သူဌေး ဦးဇော်ဦးဇော်ကတော့ သူတို့ ငှားထားတဲ့ လူတွေဆိုတာ ၀န်မခံဘူး ။
ဘယ် ၀န်ခံမလဲ ။ သေသူ လူနှစ်ယောက်ဟာ တရားမ၀င် လိုင်စင်မဲ့ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အမှုတွေ အများကြီး ကျူးလွန်ထားတဲ့ ၀ရမ်းပြေးလူမိုက်တွေ ဖြစ်နေလို့ ။
ဓါးပြတွေ ဆိုင်ကနေ အထွက် သတင်းအရ အပြေးအလွှား ရောက်ချလာတဲ့ ရဲကားက ရဲအမှုထမ်း နှစ်ယောက်သည် ဓါးပြတွေက ပစ်ခတ်တာကြောင့် ထိမှန် ဒါဏ်ရာရခဲ့ကြသည် ။ ဒီရဲ အမှုထမ်းတွေကိုလည်း မှုံရတီတို့သွားရောက် မေးမြန်း စစ်ချက်ယူခဲ့ကြသည် ။
ပစ်တာက ၅.၅၆ အမ်၁၆ မောင်းပြန်သေနတ်နဲ့ ။ ကျည်ခွံတချို့ ကျကျန်ခဲ့တာကို ရရှိသည် ။
ရဲမှူး ဦးမင်းသက်ဇော်အောင်လည်း ကိုယ်တိုင်ကိုယ်ကျ ဦးစီး စုံစမ်းထောက်လှမ်းနေသည် ။
တခြား အမှုတွေကို ခဏ ဘေးချိတ်ထားပြီး ဒီ ဓါးပြမှုကို ဖိဖိစီးစီး အရှိန်အဟုန်မြှင့်တင်ပြီး လိုက်ဖို့ တွန်းအားပေးနေတာမို့ မှုံရတို့လည်း နေ့ရောညပါ လုပ်ကိုင်နေကြရသည် ။
ဓါးပြတွေ ချန်ထားခဲ့တဲ့ ပရာဒိုကားကြီးကိုလည်း ခြောက်မိုင်ခွဲက လမ်းကြားလေး တခုထဲမှာ ရလိုက်သည် ။ ကားပေါ်မှာ ရနိုင်မယ့် လက်ဗွေရာတွေနဲ့ ဆံပင်တွေကို လက်ဗွေနဲ့ ဒီအန်အေ ဌာနခွဲက အထူးကျွမ်းကျင်သူ တွေက သေသေချာချာ စစ်ဆေးလျက် ရှိသည် ။
ဓါတ်ပုံထဲက ရေဘင်နေကာမျက်မှန်နဲ့ လူငယ်သည် ရုပ်ချောချော ရုပ်သနားကမား လို့ ပြောရမည် ။
တနည်းအားဖြင့် ရှိုးကောင်းတဲ့ ဇာတ်လိုက်လေး လို့တောင် ခေါ်ဆိုနိုင်တဲ့ အမိုက်စား ကောင်လေး ။
သူ့လို ကောင်လေးကို သတိထားမိတဲ့ လူတွေ ရှိနိုင်သည် ။ သာမန်ထက် ထူးခြားတဲ့ ရုပ်မျိုး ဒီဇိုင်းမျိုး မဟုတ်လား ။
မှုံရတီလည်း ဒီပုံက ၀ါးတားတား ဖြစ်နေပေမယ့် ဒီပုံကို တီဗီသတင်းမှာ ထည့်ပြလိုက်ပြီး ပြည်သူတွေမှ ကူညီပါ သူ့ကို သိဖူးတွေ့ဖူးရင် ရဲတပ်ဖွဲ့ကို သတင်းပေးပို့ပါ လို့ အကူအညီတောင်းလိုက်ရင် ကောင်းမည် လို့ ရဲမှူးကိုတင်ပြလိုက်သည် ။ ရဲမှူးကလည်း သဘောတူသည် ။ အင်း..တခုခုတော့ ထူးခြား လာနိုင်ပါတယ် . တဲ့. . ။ငွေဆောင်ကမ်းခြေ
မနက် အစောကြီး ပင်လယ်ကမ်းစပ် သဲသောင်ပြင်ပေါ်မှာ ဘေဘီနဲ့ စန်ဒီတို့ လမ်းလျောက်နေသည် ။
မကြာခင် မိုးလင်းလာတော့မည် ။
လေပြေကလေး တိုက်ခတ်နေသည် ။တယောက်ရဲ့ လက်ကို တယောက် တွဲထားသည် ။ စန်ဒီသည် ဘေဘီနဲ့
တခန်းထဲ အတူတူ အိပ်စက်ခဲ့ပေမယ့် ဘေဘီက သူ့အပါ် အခွင့်အရေး မယူခဲ့တာကို အခုတိုင် အံ့သြနေဆဲ ။
စန်ဒီ့ကို အရမ်း ချစ်တယ်..ဆိုပြီး စန်ဒီ့ရဲ့ နဖူးလေးကိုဘဲ သူ့နှာတန်နဲ့ ထိတယ် ဆိုရုံလေး နမ်းခဲ့သည် ။
စန်ဒီ့ထက် ဘေဘီက အရင် အိပ်ပျော်သွားသည် ။ ကလေးငယ် တယောက်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
ဘေဘီ့ကို စန်ဒီ ငေးကြည့်နေမိသည် ။ ဘေဘီဟာ လူဆိုးဂိုဏ်းဝင် တယောက်လား ။ စန်ဒီ မသိဘူး ။ စန်ဒီ
ဘာကြောင့် ဒီလို ထင်မိသလဲ ။ ၂ချက် ရှိသည် ။ ၁ချက်က ငွေဆောင်က ဟိုတယ် ကို ရောက်တော့ ဘေဘီက
သူဝတ်ထားတဲ့ ဂျာကင်ကို ချွတ်လိုက်ပြီး ကုတင်ပေါ် တင်လိုက်သည် ။ သူ အိမ်သာ ၀င်နေတုံး စန်ဒီက ကုတင်ပေါ် လှဲအိပ်ချလိုက်တဲ့အခါ သူ့ဂျာကင်ပေါ်ကို စန်ဒီ့ ခြေတဖက်က ရောက်သွားသည် ။ မာကျောတဲ့ အရာ
ဝတ္တုတခုကို ထိမိလို့ “ ဘာကြီးလဲ ” လို့ စန်ဒီ သိချင်သွားသည် ။ စန်ဒီ ဂျာကင်ထဲ နှိုက်ကြည့်လိုက်တော့ မဲ
နက် အေးစက်နေတဲ့ သေနတ်ကြီး တလက် ဖြစ်နေသည် ။ စန်ဒီ မသိချင်ယောင် ဆောင်ပြီး နေလိုက်သည် ။
ဘေဘီက ဘိုက်ဆာတယ်...တခုခု စားရအောင် ဆိုပြီး ဟိုတယ်ကနေ အစားအစာ မှာဖို့ ပြင်တဲ့အချိန် သူတို့
အခန်းတံခါးကို မိန်းမတယောက်က လာခေါက်ပြီး ထမင်းဟင်း စားချင်ရင် စီစဉ်ပေးနိုင်ကြောင်း လာပြောတာ ဖြစ်
နေလို့ ဘေဘီက ဒီမိန်းမဆီက ပင်လယ်စာ ဟင်းမျိုးစုံနဲ့ ထမင်း မှာလိုက်သည် ။
သူ ဒီမိန်းမနဲ့ အခန်း အပြင်ဖက်မှာ စကားပြောနေတုံး စန်ဒီက တီဗီ ကြည့်နေခဲ့တာ ။ တီဗီက “ ကြားဖြတ် အထူး သတင်း ” ဆိုတာ လာလို့ စန်ဒီလည်း ဘာများထူးသလဲ ဆိုပြီး ကြည့်သည် ။
နိုင်ငံခြားငွေလဲဌာန တခုကို ဓါးပြတိုက်သွားတဲ့ သတင်း ဖြစ်နေသည် ။ နောက်ထပ် ရရှိတဲ့ သတင်းက စီစီတီဗီ
က ရလိုက်တဲ့ ဘဏ်ဓါးပြတွေရဲ့ ပရာဒိုကားကို မောင်းတဲ့ဒရိုင်ဘာရဲ့ ဓါတ်ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တယ်
ဆိုတာ ။ ၀ါးတားတား ဖြစ်နေတဲ့ အကြီးချဲ့ထားတဲ့ ဒရိုင်ဘာရဲ့ ဓါတ်ပုံကို ပြပြီး ဒီလူငယ်ဟာ ဘယ်သူလဲ ဆိုတာ ပြည်သူတွေထဲက မှတ်မိရင် သိရင် ရဲတပ်ဖွဲ့ကို သတင်းပေးဖို့ ပြောနေသည် ။
စန်ဒီ ကြည့်လိုက်တော့ ဘေဘီ့ပုံ ဖြစ်နေသည် ။ လက်ရှိ ငွေဆောင် လာတဲ့အချိန် တပ်ခဲ့တဲ့ ရေဘင် နေကာ
မျက်မှန်လေး တပ်ထားသည့် ဘေဘီ ။ အို..ဘေဘီဟာ ဓါးပြ တယောက်လား ။ စန်ဒီ ယူကြုံးမရ ဖြစ်သွားသည် ။
သေချာသလောက်ပါဘဲ။ သူ့ဂျာကင်ထဲမှာလည်း သေနတ်ကြီး တွေ့တယ်လေ ။ စန်ဒီရဲ့ စိတ်ကူးယဉ် အချစ် ဇာတ်လမ်းလေးဟာ တစစီ ကြွေကျသွားသလိုဘဲ ။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ ဆိုသလိုဘဲ မွေးကထဲ
က ကံနိမ့်ခဲ့တဲ့ မိစန်ဒီတယောက်ဟာ မိဘမဲ့ခဲ့ ဘ၀ အခက်အခဲမျိုးစူံ တွေ့ခဲ့တာနဲ့ မပြီးသေးဘဲ ချစ်သူ ရလိုက်
တော့လည်း သေနတ်ကိုင် ဓါးပြဂိုဏ်းဝင် တယောက် ဖြစ်နေရပါလား...လို့ ကိုယ့်ဖါသာ ၀မ်းနည်းစွာနဲ့ တွေးနေ
မိသည် ။
မနက် အစောကြီးမှာ ဘေဘီက ကမ်းစပ်မှာ လမ်းလျောက်ရအောင် လို့ စန်ဒီ့ကို လာနှိုးသည် ။ တကယ်တော့
စန်ဒီ မထချင်သေးဘူး ။ ညက တော်တော်နဲ့ အိပ်လို့လည်း မပျော်ဘူးလေ ။
တဖြည်းဖြည်းနဲ့ မိုးလင်းလာသည် ။
ဘေဘီနဲ့ စန်ဒီ.. တို့ ချစ်သူများကျွန်း အနားမှာ ရောက်နေသည် ။
စန်ဒီက “ ဘေဘီ..တီဗီမှာ သတင်းတခု လာတာ စန်ဒီ တွေ့လိုက်တယ်....မန်နီချိန်ဂျာဆိုင်တဆိုင်ကို ဓါးပြတွေ
ဝင်တိုက်သွားတာ ဓါးပြတယောက်က မိန်းမ တဲ့..ထူးဆန်းတယ်နော်....မိန်းမ ဓါးပြ.....” လို့ စကားစလိုက်သည်။
ဘေဘီ့မျက်နှာ ဘာများ ပြောင်းလဲသွားသလဲ ဆိုတာကိုလည်း အကဲခတ်လိုက်သည် ။ ဘေဘီက မတုန်မလှုပ် နဲ့
စန်ဒီ ပြောတာကို နားထောင်နေသည် ။
“ ဓါးပြတွေ သေနတ်နဲ့ ပစ်လို့ လူနှစ်ယောက် သေပြီး ရဲနှစ်ယောက် ဒါဏ်ရာ ရသွားတယ် တဲ့...” လို့ ထပ်ပြော
လိုက်တဲ့အခါမှာတော့ ဘေဘီ့မျက်နှာက အံ့အားသင့်သွားတဲ့ ပုံ...။
“ ဓါးပြတွေ တော်တော် သောင်းကျန်းနေတယ် ဘေဘီ...လတိုင်းလိုဘဲ ဆက်တိုက် လိုက်တိုက်နေတာ . .”
“ အင်း....ဒီလိုပါဘဲ.....”
ဘေဘီက စိတ်မ၀င်စားတဲ့ ပုံ လုပ်ပစ်လိုက်သည် ။
စန်ဒီလည်း ဘေဘီ့ကို တအား ချစ်မိနေလို့ ဘေဘီ့ကို အပြစ် မမြင်ရက်ဘူး ။ ဘေဘီလည်း စန်ဒီ့လိုဘဲ မိဘမဲ့
တကောင်ကြွက် ဘ၀ အခက်အခဲတွေ ဖိစီးခဲ့လို့ မနည်း ကြိုးစား ရုန်းကန်လျောက်လှမ်းခဲ့ရတဲ့ လူငယ်တယောက်
ပါ ။ ကိုယ် ဒုကရောက်လာပြီ ဆိုတော့ ကိုယ့် ရှင်သန် လွတ်မြောက်ရေး အတွက် မဖြစ်ဖြစ်အောင် ရုန်းထွက်ရ
တယ် ဆိုတာ နားလည်သည် ။ ဘာဘဲ ဖြစ်ဖြစ် ဘေဘီ့ကို ပြီးခဲ့တဲ့ဟာတွေကို ထားခဲ့ပြီး စန်ဒီနဲ့အတူ ဘ၀အသစ် တခုကို ဒီနေရာနဲ့ ဝေးကွာတဲ့ လောကသစ်တခုမှာ တည်ဆောက်ဖို့ ပြောရမည် ။
ဘေဘီက “ စန်ဒီ..ဘရိတ်ဖတ်စ် သွားစားရအောင်..ဘိုက်ဆာတယ်...” လို့ ပြောလိုက်လို့ သူနဲ့အတူ ဟိုတယ်
ဖက်ကို ပြန်လျောက်သွားလိုက်ကြသည် ။
Subscribe to:
Post Comments (Atom)
ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...
-
အခန်း၁။ ဇာတ်ကောင်များနှင့်မိတ်ဆက်ပေးခြင်း။ ကိုရင်ဦးမောင် အိမ်ထောင်ပြုတော့ အသက်က ၂၇ ရှိပြီ။ ဘာဖြစ်လို့ အဲလောက်တောင် အချိန်ဆွဲနေခဲ့မိလဲ ဆိုေ...
-
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...
-
ရဲဆိုး part 2..( ပန်းရိုင်း ) ရဲမှူး ဟန်သာကျော်သည် သူ ရိုက်ထားတဲ့ စနေမ ရဲ့ ဓါတ်ပုံတွေကို သူ့ဖုန်းထဲမှာ ကြည့်နေသည် ။ ကုတင်ပေါ်မှာ ပက်လက် လွဲေ...
No comments:
Post a Comment