ကျွန်တော်တို့ စိုက်ပျိုးရေးသမားများအနေနဲ့ စိုက်ခင်းမှာ ပိုးကျလာရင် အလွယ်ဆုံးနဲ့ အသုံးအများဆုံးနည်းလမ်းကတော့ ဆေးဖြန်းတာပါပဲ ဒါကိုတော့ Chemical Control လို့ခေါ်ပါတယ် ဒါပေမယ့် တစ်ခြား အသုံးနည်းပေမယ့် အသုံးတည့်တဲ့ နည်းလမ်းတွေ ရှိပါသေးတယ် ကောက်ယူဖယ်ရှားခြင်း ထောင်ချောက်ဆင်ဖမ်းခြင်း ပေါင်းမြက်များကို ရှင်းပစ်ခြင်း အစရှိတဲ့ Mechanical Control နည်းလမ်းတွေ နောက် စိုက်ပျိုးရာမှာ ထွန်ယက်ခြင်း သီးနှံအလှည့်ကျစိုက်ခြင်း ပိုးမွှားဒဏ်ခံနိုင်တဲ့ မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း ဖျက်ပိုးတွေမကြိုက်တဲ့ အနံ့ရှိတဲ့ အပင်တွေကို စိုက်ပျိုးခြင်း အစရှိတဲ့ Cultural Control နည်းလမ်းတွေ စတာတွေလဲ ရှိပါသေးတယ်
Biological Pest Control ဆိုတာက သက်ရှိတွေကို အသုံးပြုပြီး ဖျက်ပိုးတွေကို ကာကွယ်နှိမ်နှင်းခြင်း ဖယ်ရှားခြင်း အဓိကအနေနဲ့ စီးပွားရေးအရ ဆုံးရှုံးမှုဖြစ်နိုင်တဲ့ အတိုင်းအတာထိ ရောက်မလာအောင် ထိန်းချုပ်ထားခြင်းပါပဲ ဒီအခါမှာ သက်ရှိအချင်းချင်း ဆက်သွယ်မှု ဆိုတာကို မဖြစ်မနေ အသုံးချဖို့ လိုအပ်လာပါတယ် အသုံးချမယ်ဆိုရင် သိဖို့ နားလည်ဖို့ လိုပါတယ် ဒါကြောင့်ပဲလားမသိ Biological Pest Control လို့ပြောရင် တစ်ချို့က စိတ်မဝင်စားကြပါဘူး မထိရောက်ဘူး လို့ ထင်တာလဲ ပါမှာပါ ဒါပေမယ် Biological Pest Control ကို တကယ်လက်တွေ့အသုံးချ အောင်မြင်နေတာတွေ ရှိပါတယ်
တစ်ဘက်က ပြန်ကြည့်ရင်လဲ Biological Pest Control က သက်ရှိတွေကြားထဲက ဆက်သွယ်ချက်တွေ အဲဒီသက်ရှိတွေနဲ့ သဘာဝပတ်ဝန်းကျင်ကြားက ဆက်သွယ်ချက်တွေ ဒါတွေကို သေချာနားလည်သိရှိအသုံးချနိုင်ဖို့ လိုအပ်ပါတယ် မထင်မှတ်တဲ့အကြောင်းတစ်ခုကြောင့် ပတ်ဝန်းကျင်မျှခြေက တော်တော် ဆိုးဆိုးရွားရွား ပျက်စီးသွားနိုင်ပါတယ် အဲလိုဆို ညှိရ ခက်ခဲနိုင်ပါတယ် ရည်ရွယ်ထားတာက တစ်မျိုး ဖြစ်လာတာက တစ်မျိုး ဆိုတာတွေ ကြုံတွေ့နိုင်ပါတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ Biological Pest Control မှာ အသုံးချလို့ ရနိုင်တဲ့ ဆက်သွယ်ချက်လေးတွေကို ကြည့်ရအောင်ပါ အဲဒါတွေကတော့ Predator-Prey ဆက်သွယ်ချက် Parasite-Host ဆက်သွယ်ချက် Paraistoid-Host နဲ့ Pathogen-Host ဆက်သွယ်ချက်တွေပါပဲ တစ်ခြား ဆက်သွယ်ချက်တွေ ယှဉ်ပြိုင်သူများ အဖြစ် (Competitor) နောက် ပေါင်းပင်တွေကို သက်ရှိများနဲ့ နှိမ်နှင်းခြင်းမှာ အသီးအရွက်စားသတ္တဝါတွေ (Herbivores) တို့လဲ ရှိနိုင်ပါသေးတယ်ခင်ဗျာ
#Predator_Parasite_Parasitoids_and_Pathogens
#သားရဲ_ကပ်ပါး_နှင့်_ကပ်ပါးတူများ
Predator ဆိုတာက သားရဲကောင် ပေါ့ဗျာ ကျားက သမင်ကို ဖမ်းစားတယ် ကျားသည် သားရဲကောင်ပါ ငှက်က ပိုးကောင်ကို ဖမ်းစားတယ် ငှက်က သားရဲပါ ဖမ်းစားခံရတဲ့ကောင် ကတော့ သားကောင်ပေါ့ Prey ပါ Predator နဲ့ Prey တို့က သဘာဝပတ်ဝန်းကျင်ထဲမှာ ထူးခြားအံ့ဩဖွယ် ဆက်သွယ်ချက် ရှိနေပါတယ် အဲဒီမှာ သားကောင်က ဖျက်ပိုး ဖြစ်နေချိန်မှာ သားရဲကို အလေးသာအောင် လူကလုပ်ပေးနိုင်ရင် ဖျက်ပိုးကာကွယ်ရေးမှာ Predator နဲ့ Prey ဆက်သွယ်မှုကို လက်နက်တစ်ခုအနေနဲ့ သုံးလို့ရပါတယ် ဒါပေမယ့် တကယ်တမ်းတော့ အများကြီးသုံးတဲ့ အထဲမှာ မပါပါဘူး သဘာဝမှာတော့ ထိရောက်တဲ့ ထိန်းချုပ်နည်းစနစ် တစ်ခုအနေနဲ့ ရှိနေပါတယ် ဒီ အမျိုးအစားထဲမှာ အင်းဆက်စားငှက်တွေ ဖား လို ရေနေကုန်းနေတွေ အိမ်မြှောင် ပုတ်သင်လို တွားသွားတွေ လေဒီဘတ် ရှိခိုးကောင် လို ခြေထောက်မှာ အဆစ်တွေပါတဲ့ ကျောရိုးမဲ့တွေ ဗီးနပ်စ်ထောင်ချောက်ပင် လို အင်းဆက်စားအပင်တွေ ပါဝင်ပါတယ်
တစ်လောတုန်းက ဒါနဲ့ ပတ်သက်တဲ့ ပို့စ် တစ်ခု တွေ့လိုက်ရပါတယ် မြန်မာတောင်သူတွေရဲ့ မိရိုးဖလာ Predator နဲ့ Prey ဆက်သွယ်မှုကို အသုံးချပုံနဲ့ ပတ်သက်လို့ပေါ့ တစ်လသား ဆေးရွက်ကြီးပင်ငယ်တွေမှာ ပင်စည်ကိုက်ဖြတ်ပိုး Tobacco cutworm (Spodoptera litura) ကျနေတာကို ဝါးလုံးတိုင်တွေထောင်ခိုင်းပြီး ညဘက်ကျက်စားတဲ့ ငှက်တွေကို ဖိတ်ခေါ် ပင်စည်ဖြတ်ပိုးကို နှိမ်နှင်းစေတဲ့အကြောင်းပါ (#Crd: Ayethanda Soe https://m.facebook.com/story.php?story_fbid=852430328271569&id=100005138286244
)
Parasite နဲ့ Parasitoid က ဆင်တူသလိုရှိပါတယ် တူတဲ့အချက်တွေလဲ ရှိပါတယ် နှစ်မျိုးစလုံးက အခြားသက်ရှိတစ်ခုကို သွားရောက်တွယ်ကပ်မှီခိုနေထိုင်ရပါတယ် အဲဒီ မှီခိုခံရတဲ့အကောင်ကိုတော့ လက်ခံကောင် (Host) လို့ခေါ်ပါတယ် လက်ခံကောင်ဆီကနေ နေစရာ အစာအဟာရကို ရယူပါတယ် ဒီအထိတော့ နှစ်မျိုးစလုံး အတူတူပါပဲ ကွာခြားတာက အရွယ်အစား Parasite က Host ထက် အရွယ်အစား ငယ်ပါတယ် Parasitoid ကတော့ Host နဲ့ အရွယ်သိပ်မကွာပါဘူး နောက် Parasite က Host ကို သေအောင် မသတ်ပါဘူး ရောဂါတော့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် အားအင်ချိနဲ့သွားနိုင်ပါတယ် Parasitoid ကတော့ Host ကို သေအောင်သတ်ပါတယ် ဒီနေရာမှာ Parasitoid ဆိုပြီးတော့ တကယ်ညွှန်းဆိုပြောလိုတာက သားလောင်း သို့ ဥ ဘဝမှာ တစ်ခြားအကောင်တစ်ကောင်ကောင်ကို မှီခိုပြီး လွတ်လပ်တဲ့ သက်ကြီးကောင်အဆင့်ရှိတတ်တဲ့ အင်းဆက်တွေကို ပြောလိုခြင်း ဖြစ်ပါတယ် Parasitoid ရော Parasite ရော နှစ်မျိုးစလုံးကို ဖျက်ပိုးကာကွယ်ရေးမှာ သုံးဖို့ သင့်တော်ပေမယ့် Parasitoid ကတော့ ပိုပြီးသင့်တော်တဲ့ အမျိုးအစားပါ
Pathogens တွေကတော့ ဖျက်ပိုးတွေကို ရောဂါကျရောက်စေတတ်တဲ့ ဘက်တီးရီးယား ဗိုင်းရပ် နီမတုတ် မှို နဲ့ ပရိုတိုဇိုးဝါးတွေ ဖြစ်ပါတယ် ဘက်တီးရီးယားမှာဆို Bacillus thuringiensis ဗိုင်းရပ်စ်မှာဆို Nucleopolyhedrosis viruses, granulosis viruses မှိုမှာဆိုရင် Metarhizium, Beauveria ပရိုတိုဇိုးဝါးမှာဆို Nosema locustae နီမတုတ်မှာဆိုရင် Steinernema and Heterorhabditis spp အစရှိသည်ဖြင့် ဖျက်ပိုးတွေကို နှိမ်နှင်းနိုင်တဲ့ ရောဂါဖြစ်စေတဲ့ အကောင်တွေ ရှိပါတယ်
********* ********* *********
#သမိုင်းကြောင်း
Biological Control ဆိုတာကို စကားလုံးအနေနဲ့ စသုံးခဲ့တာကတော့ ၁၉၁၉ ခုနှစ်မှာ Harry Scott Smith ဆိုတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ပိုးမွှားဗေဒပညာရှင်ပါမောက္ခ တစ်ဦးဖြစ်ပါတယ် ဒါပေမယ့် သူ့မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက ဒီ နည်းစနစ်ကို သုံးနေကြပါပြီ တရုပ်နိုင်ငံမှာ အေဒီ ၃၀၄ ခုနှစ်လောက်က ရှောက်သံပုရာမျိုးနွယ်ဝင်အပင်တွေမှာ ကျတဲ့အင်းဆက်တွေကို နှိမ်နှင်းဖို့အတွက် နီဝါရောင်ရှိပြီး သာမာန်ထက်ကြီးမားတဲ့ ပုရွက်ဆိတ်တွေ Oecophylla smaragdina ကို သုံးခဲ့ကြပါတယ် (ခါချဉ်ကောင်ပါ) အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့တောင် ဆိုပါတယ် အေဒီ ၁၂၀ဝ ခုနှစ်တွေမှာ ယီမင်နိုင်ငံမှာ စွန်ပလွန်ပင်တွေမှာကျရောက်တဲ့ အင်းဆက်ပိုးတွေကို နှိမ်နှင်းဖို့ ပုရွက်ဆိတ်တစ်မျိုးကို သုံးခဲ့တယ်လို့ ဆိုပါတယ်
ဒီကနေ့ခေတ် Biological Control လို့သိနေကြတဲ့အရာကို စတင်ခဲ့တာကတော့ ၁၈၇၀ ခုနှစ် အမေရိကန်မှာ မစ်ဆူရီပြည်နယ်က အင်းဆက်ပညာရှင် Charles V. Riley နဲ့ အီလီနွိုက်စ် ပြည်နယ်က အင်းဆက်ပညာရှင် W. LeBaron တို့က ကပ်ပါးတူကောင် parasitoid တွေကို တင်သွင်းခဲ့တာကနေ စတင်တယ်လို့ ဆိုပါတယ် ၁၈၇၃ ခုနှစ်မှာတော့ Charles V. Riley ဟာ ပြင်သစ်ပြည်က စပျစ်ပင်တွေမှာ ကျရောက်တဲ့ ပျပိုးတစ်မျိုး (Daktulosphaira vitifoliae) ကို ထိန်းချုပ်ဖို့အတွက် Tyroglyphus phylloxera လို့ခေါ်တဲ့ Mite အကောင်တွေကို ပြင်သစ်ကို ပထမဆုံး တင်ပို့ခဲ့ပါတယ်
၁၈၈၃-၁၈၈၄ ခုနှစ်တွေမှာတော့ ဂေါ်ဖီထုပ်မျာကျရောက်တဲ့ ဖလံဖြူ Pieris rapae ကို နှိမ်နှင်းဖို့အတွက် ကပ်ပါးတူ နကျယ်ကောင်တစ်မျိုး Cotesia glomerata ကို ဥရောပကနေ တင်သွင်းခဲ့ပါတယ် ၁၈၈၈-၁၈၈၉ မှာတော့ လေဒီဘတ် ခွံမာကောင် တစ်မျိုးကို ဩစတြေလျ ကနေ ကယ်လီဖိုးနီးယားကို တင်သွင်းခဲ့ပါတယ် ဒါက တော်တော်အောင်မြင်ခဲ့ပြီး နောက်ထပ် အမေရိကန်နိင်ငဲထဲကို အလားတူ တင်သွင်းမှုတွေ ဆက်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ် ၁၉၀၅ ခုနှစ်မှာတော့ ဒေသမျိုးရင်းမဟုတ်တဲ့ ဖလံဖျက်ပိုးနှစ်မျိုးဖြစ်တဲ့ gypsy moth Lymantria dispar dispar, and brown-tail moth, Euproctis chrysorrhoea ကိုနှိမ်နှင်းဖို့အတွက် ဥရောပနဲ့ ဂျပန်မှာ သူတို့ရဲ့ သဘာဝရန်သူတွေကို လိုက်လံရှာဖွေခဲ့ပါတယ် ဒီလုပ်ငန်းစဉ်ကလဲ အပြည့်အဝမဟုတ်ပေမယ့် ရာနှုန်းတော်တော်များများ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်
ဩစတြေလျနိုင်ငံ ကွင်းစ်လန် မှာ အလှစိုက်အပင်အဖြစ် ၁၇၈၈ ခုနှစ်က တင်သွင်းလာတဲ့ ကျားလျှာမျိုးနွယ်ဝင် အပင်တစ်မျိုး Prickly pear cacti ဟာ တစ်နှစ်ကို ဟက်တာ တစ်သန်းလောက် ပွားများလာပြီး အဖျက်ပင် (Pest) အနေနဲ့ သတ်မှတ်ခြင်းခံခဲ့ရပါတယ် သူ့ကို နှိမ်နှင်းဖို့အတွက် အဲဒီ ကျားလျှာပင်တွေမှာ ကျရောက်တတ်တဲ့ ပိုးဖလံတစ်မျိုး Cactoblastis cactorum နဲ့ အကြေးအင်းဆက်တစ်မျိုး Dactylopius တွေကို တင်သွင်းပြီး နှိမ်နှင်းခဲ့ရပါတယ်
ဒါတွေကတော့ Biological Control ကို အသုံးပြုခဲ့ကြတာတွေရဲ့ အစိတ်အပိုင်း အသေးလေးတွေပါ တစ်ခြား ဥပမာတွေ ရှိသေးပေမယ့် စာရှည်မှာစိုးလို့ ချန်လှပ်ထားခဲ့ရပါတယ်ခင်ဗျာ
********* ********* *********
#သက်ရှိများကိုသုံး၍_ဖျက်ပိုးများကိုနှိမ်နှင်းခြင်း_နည်းလမ်းများ
အဓိက နည်းလမ်းသုံးခုရှိပါတယ်
#_1_Classical_or_Importation_or_Introduction
#_၁_ထိန်းချုပ်မည့်ဖျက်ပိုး၏_သဘာဝရန်သူများကို_အခြားဒေသများမှ_တင်သွင်းခြင်း
ဒီနည်းလမ်းက နည်းနည်း အန္တရာယ်များပါတယ် အပေါ်က တွေ့ခဲ့တဲ့အတိုင်းပဲ Prickly pear ဟာ အလှစိုက်အပင်အဖြစ်နဲ့ ဩစတြေလျတိုက်ကို တင်သွင်းလာတာ ဖြစ်ပါတယ် ဒါပေမယ့် အဲဒီမှာ သူ့ကို ထိန်းချုပ်မယ့် သဘာဝရန်သူမရှိတဲ့အနေအထားမှာ သူဟာ ထိန်းမနိုင်အောင် ပွားများလာပါတယ် တစ်ခြားဒေသက သက်ရှိတစ်မျိုးကို တင်သွင်းလာရင် ဖြစ်နိုင်တာ သုံးမျိုး ရှိပါတယ်
က) တင်သွင်းလာတဲ့သက်ရှိဟာ ရောက်ရှိသောနေရာတွင် အခြား သက်ရှိ သက်မဲ့များနှင့် သဟဇာတဖြစ်ပြီး ပုံမှန် ဆက်လက်ကြီးထွားပွားများတာ
ခ) တင်သွင်းလာတဲ့ သက်ရှိဟာ ရောက်တဲ့နေရာမှာ လိုက်လျောညီထွေမဖြစ်ပဲ သေဆုံးသွားတာ
ဂ) တင်သွင်းလာတဲ့သက်ရှိဟာ ရောက်တဲ့နေရာမှာ ထိန်းချုပ်မှုမဲ့ ပွားများနိုင်တာ
ဆိုပြီး ဖြစ်နိုင်ပါတယ် က နဲ့ ခ က သိပ်ပြဿနာ မရှိပါဘူး ဂ က ပြဿနာ ရှိပါမယ် ဒေသတွင်းရှိ တစ်ခြားသက်ရှိတွေရဲ့ ရှင်သန်မှု ဖြစ်တည်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ် ပတ်ဝန်းကျင်မျှခြေ ပျက်စီးသွားနိုင်ပါတယ် ဖျက်ပိုးကို နှိမ်နှင်းတာ အောင်မြင်သွားချိန်မှာ ဖျက်ပိုးအရေအတွက်က လျော့သွားပါမယ် ဒီအချိန်မှာ တင်သွင်းလာတဲ့အကောင်က ဖျက်ပိုးမဟုတ်တဲ့ တစ်ခြားအင်းဆက်တွေ အကျိုးပြုအင်းဆက်တွေကို စားသုံးတာမျိုး ရှိနိုင်ပါတယ် ဒေသမျိုးတွေ မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ်ရှိပါတယ် မူရင်းဒေသမှာတော့ မျိုးစိတ်တွေကြားထဲက ဦးရေ population ကို အချင်းချင်း အဆင့်ဆင့် ထိန်းချုပ်တဲ့စနစ်ရှိပါတယ် နေရာသစ်မှာ ထိန်းချုပ်မှု ကွင်းဆက်ပြတ်နေနိုင်ပါတယ် ဒီအချိန်မျိုးမှာ မလိုလားအပ်တဲ့ ထင်မှတ်မထားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်
ဒါကြောင့် ဒီနည်းလမ်းကို သုံးမယ်ဆိုရင် သေချာ သုတေသနပြုပြီးမှ လုပ်ဆောင်သင့်ပါတယ် တင်သွင်းလာတဲ့သက်ရှိရဲ့ အသုံးဝင်နိုင်မှု ဆက်လက်ရှင်သန်နိုင်မှု ထိန်းချုပ်ဖို့ရည်ရွယ်ထားတဲ့ သက်ရှိအပေါ်အကျိုးသက်ရောက်မှု တင်သွင်း ထိန်းချုပ် နှစ်မျိုးစလုံးရဲ့ ဇီဝဗေဒဆိုင်ရာ အချက်အလက်တွေ မထင်မှတ်ပဲ ဖြစ်လာနိုင်စရာရှိတဲ့ အကျိုးဆက်တွေ အားလုံးကို သေချာ လေ့လာဆန်းစစ်ပြီးမှ လုပ်ဆောင်သင့်ပါတယ်
ဒီနည်းကို သုံးတဲ့အခါမှာ များသောအားဖြင့် ထိန်းချုပ်ခံရမယ့် ဖျက်ပိုးက ဒေသတွင်းမှာ အရင်ကတည်းက ရှိတာမျိုးမဟုတ်ပဲ တစ်ခြားတစ်နေရာကနေ ရောက်လာတာ ဖြစ်နိုင်ပါတယ် အဲဒီအခါမျိုးမှာ ဖျက်ပိုးရဲ့ မျိုးပွားနိုင်စွမ်း ဖျက်ဆီးနိုင်စွမ်းကလဲ ကြီးမားနိုင်ပါတယ် သူ့ရဲ့ သဘာဝရန်သူကိုတော့ သူ မူလရှိတဲ့ဒေသ သူ့ဇာတိမှာပဲ ရှာဖွေရပါမယ်
#Augmentation
#သဘာဝရန်သူများကိုထည့်သွင်းပေးခြင်း
ဒီနည်းကတော့ သဘာဝရန်သူတွေရဲ့အရေအတွက်က ရှိတော့ရှိမယ် ဒါပေမယ့် ဖျက်ပိုးတွေကို နှိမ်နှင်းဖို့ မလုံလောက်တဲ့အနေအထားမှာ အဓိက သုံးပါတယ် သဘာဝရန်သူတွေကို မွေးမြူထားပြီးလိုအပ်ချိန်မှာထည့်သွင်းပေးခြင်း သို့မဟုတ် ပေါများသည့်နေရာများမှ ဖမ်းယူထည့်သွင်းပေးခြင်း နည်းလမ်းတွေကို သုံးပါတယ် ဒီနည်းမှာ နှစ်မျိုးပြန်ကွဲပါတယ်
က) ဖျက်ပိုးကိုအမြန်နှိမ်နှင်းရန် (Inundative) အမြောက်အမြား တစ်ကြိမ်ထဲ ထည့်သွင်းပေးခြင်း ဖြစ်ပါတယ် လက်ရှိဖျက်ပိုးပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ပါတယ် ဆိုးရွားနေတဲ့အခြေအနေကို ကုစားဖို့ဖြစ်ပြီး ရေရှည်အတွက် မရည်ရွယ်ပါဘူး ထည့်သွင်းပေးလိုက်တဲ့ သဘာဝရန်သူကပဲ ဖျက်ပိုးကို နှိမ်နှင်းဖို့ဖြစ်ပြီး မျိုးပွားစေဖို့ စောင့်ဆိုင်းနေမှာမဟုတ်ပါဘူး
ခ) ကြိုတင်ကာကွယ်ရန် (Inoculative) သဘာဝရန်သူများကို မျိုးပွားနိုင်စေရန် ရည်ရွယ်ထည့်သွင်းပေးခြင်းဖြစ်ပါတယ် ဖျက်ပိုး ပြဿနာမဖြစ်မီ လုပ်ဆောင်ပါတယ် အချိန်အတိုင်းအတာ သတ်မှတ်ပြီး ပုံမှန် အရေအတွက် နည်းနည်းနဲ့ ထည့်သွင်းပေးတာ ဖြစ်ပါတယ် ဖျက်ပိုးများရဲ့ သဘာဝရန်သူတွေ ပုံမှန်မျိုးပွားပြီး ဖျက်ပိုးတွေ များမလာနိုင်အောင် ရေရှည်ကာကွယ်မှုရနိုင်အောင် ရည်ရွယ်ပါတယ်
#Conservation
#သဘာဝရန်သူများကိုထိန်းသိမ်းထားခြင်း
ဒီနည်းမှာတော့ ရှိနေတဲ့ သဘာဝရန်သူတွေကိုပဲ ပျက်စီးပျောက်ဆုံးမှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ထားတာဖြစ်ပါတယ် အကျိုးသက်ရောက်မှုအနေနဲ့ကတော့ ထိန်းသိမ်းတဲ့နည်းလမ်းနဲ့ ဖျက်ပိုးအရေအတွက် အမျိုးအစားအပေါ်မူတည်ပါတယ် များသောအားဖြင့်တော့ ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ် ပတ်ဝန်းကျင် အနေအထားကို သဘာဝရန်သူတွေ ကြိုက်နှစ်သက်တဲ့ သူတို့ရဲ့ အစာပေါများတဲ့ အနေအထားဖြစ်အောင် စီစဉ်ပေးထားတာ ဥပမာ ပန်းပွင့်တဲ့အပင်တွေကို ပတ်လည်မှာ သို့ ကြားတွေမှာ စိုက်ထားခြင်းအားဖြင့် ဝတ်ရည် ဝတ်မှုန် တွေကို စားသုံးတဲ့ Parasitoid အင်းဆက်တွေ များပြားလာစေတာ အေးတဲ့ဒေသတွေမှာ Parasitoid တွေ ဆောင်းခိုနိုင်တဲ့ နေရာမျိုးတွေ ထားရှိပေးတာ စသည်ဖြင့်ပါ
ဒီနည်းလမ်းမှာ အထူးသတိထားရမှာက ဓါတုပိုးသတ်ဆေးသုံးစွဲခြင်းပါ ထိရောက်မှုအတိုင်းအတာ ကျယ်ပြန့်တဲ့ ဓါတုပိုးသတ်ဆေးတွေက် ဖျက်ပိုးတွေရဲ့ သဘာဝရန်သူတွေကိုလဲ သေကျေပျက်စီးစေနိုင်ပါတယ် အဝေးကို ထွက်ခွာသွားစေနိုင်ပါတယ် ဒါကြောင့် ဓါတုပိုးသတ်ဆေးသုံးစွဲခြင်းကတော့ အထူး သတိထားလုပ်ဆောင်ရမှာဖြစ်ပါတယ်
********* ********* *********
#Key_Features
#အဓိကလက္ခဏာများ
၁) ဓါတုပိုးသတ်ဆေးများချည်းသာ သုံးစွဲခြင်းနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ် သက်သာပြီး ဖျက်ပိုးများ၏ သဘာဝရန်သူများသည် နှစ်နှင့်ချီအသက်ရှင်နေနိုင် မျိုးပွားနိုင်သောကြောင့် ရေရှည် အကျိုးသက်ရောက်မှု ရှိစေပါသည်
၂) ထိရောက်မှုအတိုင်းအတာကို တပ်အပ်သေချာ ပြော၍မရပါ သက်ရှိနှင့် သဘာဝပတ်ဝန်းကျင် ဇီဝဗေဒဆိုင်ရာ ရှုပ်ထွေးသော အပြန်အလှန်ဆက်စပ်မှုများအပေါ်တွင် မူသည်ပါသည်
၃) အခြား ဖျက်ပိုးနှိမ်နှင်းသောနည်းစနစ်များ အထူးသဖြင့် ထိရောက်မှုအတိုင်းအတာ ကျယ်ပြန့်သော ဓါတုပိုးသတ်ဆေးများ သုံးစွဲခြင်းက Biological Control ကို အဟန့်အတား ဖြစ်စေနိုင်ပါသည်
၎) များသောအားဖြင့် ဖျက်ပိုးအမျိုးမျိုးကို နှိမ်နှင်းနိုင်ခြင်းမရှိပဲ ဖျက်ပိုးတစ်မျိုးကိုသာ ဦးတည်ပါသည်
၅) အကျိုးသက်ရောက်မှု နှေးနိုင်ပါသည်
၆) များသောအားဖြင့် ပိုးမွှားဒဏ်ကို အတန်အသင့် ခံနိုင်ရည်ရှိသည့် အပင်များ နှစ်ရှည်ပင်များတွင် ပိုမိုအောင်မြင်နိုင်ပါသည်
၇) အခြားနည်းစနစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် တွဲဖက်အသုံးပြုနိုင်ရန် လိုအပ်ပါသည်
၈) သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်ပါသည်
********* ********* *********
ပြောခဲ့ပြီးဖြစ်တဲ့အတိုင်း Biological Control က IPM ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် သူ့ချည်းပဲ အားကိုးတာထက် တစ်ခြားနည်းစနစ်တွေနဲ့ ပေါင်းစပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ် နည်းစနစ်တကျ မှန်ကန်စွာ ဆောင်ရွက်နိုင်မယ်ဆိုရင် စိုက်ပျိုးရေးသမားတွေအတွက် သွင်းအားစုကုန်ကျစရိတ်ကို သိသိသာသာလျှော့ချနိုင်မှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အနည်းဆုံးနဲ့ ကောင်းမွန်တဲ့ ထွက်နှုန်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment