ဖာလာ စိုက်ပျိုးနည်း
မြန်မာအမည် – ဖာလာ
အင်္ဂလိပ်အမည် – CARDAMON
ရုက္ခဗေဒအမည် – ELETTARIA CARDAMOMUM MATON
မျိုးရင်း – ZINGIBERACEAE
မူရင်းဒေသ ___အိန္ဒိယပြည်တောင်ပိုင်း၊
သီဟိုဠ်ကျွန်း။
အင်္ဂလိပ်အမည် – CARDAMON
ရုက္ခဗေဒအမည် – ELETTARIA CARDAMOMUM MATON
မျိုးရင်း – ZINGIBERACEAE
မူရင်းဒေသ ___အိန္ဒိယပြည်တောင်ပိုင်း၊
သီဟိုဠ်ကျွန်း။
အမျိုးအစား
ထင်ရှားသော ဖာလာမျိုးများ (တနည်းကမ္ဘာ့ဈေးကွက်တွင် အရောင်းအ၀ယ်ပြုနေသော ဖာလာမျိုးများ) မှာ –
(၁) Mysore or Ceylon Mysore
(၂) Malabar or Ceylon Malabar
(၃) Mangalore
(၄) Aleppi or Alleppy တို့ဖြစ်ပြီး ဒေသကို လိုက်၍ တမျိုးနှင့်တမျိုး အနည်းငယ်စီကွာခြား၏ ။
စိုက်ပျိုးသည့်ဒေသ
အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်ကျွန်းတို့တွင် အများအပြား စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် မွန်ုပြည်နယ်နှင့် ကရင်ပြည်နယ် တွင် စိုက်ပျိုး ကြသည်။
ပုံသဏ္ဍာန်
နှစ်ရှည်ခံ အမြဲစိမ်းလန်းသော အပင်ဖြစ်သည်။ မြေအောက်ပင်စည်ရှိသည်။ အရွက်သည် လှံစွပ်ပုံသဏ္ဍာန်ရှိပြီး အလျား (၁) ပေမှ (၃) ပေအထိ ရှိသည်။ အနံ (၃)လက်မမှ (၆) လက်မ အထိ ကျယ်သည်။ ရွက်ပြားအစိမ်းရောင်ရှိသည်။ အချို့မျိုးတွင် အရွက် အပေါ်နှင့် အောက်မျက်နှာ နှစ်ရွက်စလုံးအမွှေးရှိသည်။ အချို့ ပြောင်ချောနေသည်။ ပန်းပွင့်မှာ လိင်စုံပွင့် ဖြစ်၍ အဖြူရောင်ရှိပြီး၊ နှုတ်ခမ်းသားဝါသည်။ အပင်ရင်း မြေကြီးနားအထိကပ်၍ ပွင့်ကြသည်။ အသီး သုံးမြှောင့်ပုံဆန်ဆန်ဖြစ်၍ အကန့် (၃) ကန့် ရှိသည်။ အကန့်များထဲတွင် စူးရှမွှေးကြိုင်သော အနံ့ရှိသည့်၊ အစေ့များပါရှိသည်။ အသီးတခုတွင် အစေ့ (၁၀) စေ့မှ (၁၅) စေ့ အထိ ပါရှိသည်။
မြေအမျိုးအစား
မြေဆွေးဓာတ်များပြီူ အစိုဓာတ် ထိန်းနိုင်သော မြေမျိုးကိုနှစ်သက်သည်။ မြေသားထုနက်၍ နုံးဆန်သော မြေမျိုးတွင် ကောင်းစွာ စိုက်ပျိုးနိုင်သည်။ ရေ၀ပ်ခြင်းကို လုံးဝမကြိုက်သဖြင့်စိုက်မည့်နေရာသည် ဆင်ခြေလျောဖြစ်လျှင် ပိုကောင်းသည်။ အမြင့်ပေ (၂၅၀၀) မှ (၄၀၀၀) အတွင်း စိုက်ပျိုးနိုင်၏ ။
ရာသီဥတု
အပူချိန် (၆၀) ဒီဂရီဖာရင်ဟိုက်မှ (၉၅) ဒီဂရီဖာရင်ဟိုက်နှင့် မိုးရေချိန် (၆၀) လက်မ မှ (၁၅၀) လက်မအတွင်း ရှိသော ပူအိုက်စွတ်စိုသည့် ရာသီဥတုကို ကြိုက်နှစ်သက်သည်။
မြေပြုပြင်နည်း
အရိပ်ရှိသော နေရာမျိုးကို ရွေးချယ်ပြီး မြေပြုပြင်ရ၏ ။ မြေပြုပြင်ရာတွင် စိုက်ပျိုးမည့်စနစ်ကို လိုက်၍ မြေပြုပြင်မှု ကွာခြားသည်။ ကျင်း စနစ်ကို အသုံးပြုမည်ဆိုပါက တကျင်းနှင့် တကျင်း (၃) ပေ သို့မဟုတ် (၄) ပေခွာ၍ (၃)ပေပတ်လည် အကျယ် ကျင်းများတူးရမည်။ အတန်းလိုက် စိုက်စနစ်ကို သုံးမည်ဆိုပါက တတန်းလျှင် (၃) ပေမှ (၄) ပေ ခွာ၍ ထယ်ကြောင်းပေးပြီး ထယ်ကြောင်းတွင် မြေသြဇာများထည့်၍ မြေပြုပြင်ပေးရ၏ ။
အစေ့မှ ပျိုးထောင်စိုက်ပျိုးနည်ကိုသုံးမည်ဆိုပါက ပျိုးဘောင်ကို (၉) လက်မမှ (၁) ပေအထိ အမြင့်ထား၍ အကျယ် (၂) ပေ၊ အရှည် (၁၂) ပေမှ (၁၅) ပေ ထားရသည်။ ရေထုတ် ရေသွင်းမြောင်းများပြုလုပ်ရန် လိုသည်။ ကောင်းစွာ ဆွေးမြေ့ပြီး ပွသော မြေဆွေး ထူထူခင်း ပေးရ၏ ။ ပျိုးဘောင်ကို အရိပ်ရစေရန် အတွက် (၅)ပေခန့် မြင့်သော စင်ထိုးပြီး အကိုင်းအခက်များကို မိုးပေးရ၏ ။
စိုက်ပျိုးချိန်
အသီးအများဆုံးခူးရသော စက်တင်ဘာလနှင့် အောက်တိုဘာလတွင် စိုက်ပျိုးရသည်။ အစေ့ကို ပျိုးလျှင် (၄၅) ရက် ကြာက အညှောက်ပေါက်၍ တနှစ်ကြာလျှင် (၁ ၁/၂) ပေ မြင့်လာသည်။
ပျိုးထောင်နည်း
ပျိုးပင်ကို အစေ့မှ လည်းကောင်း၊ အတက်မှ လည်းကောင်း ပျိုးယူနိုင်သည်။ အစေ့များမှ ပျိုးထောင်ရာတွင် အသီးခူးပြီး ချက်ခြင်းစိုက်မှ အပင်ပေါက်နှုန်း ကောင်း၍ (၁ ၁/၂) လခန့်ကြာမှ စိုက်သော် အညှောင့်ထွက်မှု ၆၀ % ထိခိုက်၍ (၄) လခန့်ကြာပါက ၉၆% ထိ စိုက်နိုင်သည်။
အစေ့မှ ပျိုးထောင်နည်း
စိုက်ပျိုးမည့် မျိုးစေ့သည်ကောင်းစွာ ရင့်၍ ထွားကြိုင်းလတ်ဆတ်ပြီး ပိုးမွှားကင်းရန်လိုသည်။ အစေ့တွင် ကပ်နေသော ချွဲကျိသည့် အရည်များကို ပြာဖြင့်ပွတ်၍ နေရိပ်တွင် အခြောက်လှမ်းပြီး ချက်ခြင်း စိုက်ရ၏ ။ အစေ့မှ အပင်ပေါက်ရန် (၂)လ မှ (၃) လ အထိ ကြာတတ်သည်။ အစေ့များကို လက်နှင့်ကြဲပြီး ထွန်ခြစ်နှင့်ဆွဲပေးရမည်။ အပေါ်မှ မြက်ခြောက်၊ ကောက်ရိုးခြောက်များအုပ်ပေးရမည်။
အတက်ဖဲ့၍ စိုက်ပျိုးနည်း
ပင်တက်များအား ဖဲ့၍စိုက်ပျိုးလျှင် မြေမှ ဖော်ပြီးပြီးခြင်း စိုက်ရ၏ ။ အတက်စိုက်ရာတွင် လေဒဏ် ခံနိုင်ရန် တုတ်ချောင်းနှင့် ချည်ပေးရ၏ ။ အမြစ်ထွက်က စိုက်ထူထားသော ထုတ်ကိုဖယ်ပစ်နိုင်သည်။
စိုက်ပျိုးနည်း
ကျင်းစနစ်ဖြစ်ပါက အသင့်တူးထားသော ကျင်းများထဲသို့ ဧပြီလ၊ မေလခန့်တွင် ပျိုးပင်များချ၍ စိုက်ရသည်။ ကျင်းထဲသို့ အပေါ်မြေတခြား၊ အောက်မြေတခြား သစ်ဆွေးမြေနှင့်ရော၍ ထည့်ရသည်။ အိန္ဒိယပြည်တောင်ပိုင်းတွင် အမြင့်ပေ (၂၀၀၀) မှ (၅၀၀၀) အထိ တောင်ကုန်း တောင်တန်းများတွင် တောရှင်းထားသောနေရာများ၌ အရိပ်ရအောင် ပြုလုပ်ပြီး ဖာလာပင်များကို စိုက်ပျိုးကြသည်။
အပင်ပြုစုနည်း
လေကာပင်များ စိုက်ပျိုးပေးရမည်။ ပေါင်းပင်များကို ရှင်းပေးပြီး မြေမကြာခဏ ဆွပေးရ၏ ။ မြေကို ဆွရာတွင် မြေအပေါ်ယံတွင်သာ ဆွရ၏ ။ ရေကို ဂရုစိုက် သွင်းပေးရန် အရေးကြီး၏ ။
ဆွတ်ခူးနည်း
ပျိုးပင်များ စိုက်ခင်းသို့ ရွှေ့စိုက်ပြီး အကြာပန်းစပွင့်၏ ။ သီဟိုဠ်တွင် တနှစ်ပတ်လုံးနီးပါး အပွင့်ပွင့်သည်။ အဓိကအားဖြင့် ဇန်န၀ါရီလမှ မေလအထိ ပွင့်သည်။ သြဂုတ်လကုန်တွင် စတင်ခူးပြီး ဧပြီလမတိုင်ခင်အထိ ဆက်လက်ဆွတ်ခူးသွားသည်။ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင် အသီးအများဆုံး ဆွတ်ခူးရရှိ၏ ။ အသီးများဆွတ်ခူးရာတွင် အထူးဂရုပြုခူးရသည်။ အသီးများမမှည့်မီ ကပ်ကျေးဖြင့် အညှာကို ဖြတ်ယူ၇သည်။ မှည့်သွားပါက အပ်ကွဲသွားသည်။ အ၀ါရောင်သို့ ပြောင်းခါစတွင် စောစော ဆွတ်ခူးလျှင် သာလွန်ကောင်းမွန်သော အသီးများရသည်။
အခြောက်လှန်းခြင်း
ဆွတ်ခူးပြီး အသီးများကို သဲ၊ ဖုံစသည်များ သန့်စင်ပြီး ရိုးရိုးနေလှန်း၍၄င်း၊ မီးအပူပေး၍၄င်း၊ အခြောက်ခံ၏ ။ စတင်အသီးခူးချိန်သည် သြဂုတ်လဖြစ်၍ မိုးတွင်းဖြစ်သောကြောင့် နေလှန်းရန် အခက်အခဲများသော အားဖြင့် အခြောက်ခံကြသည်။ မီးဖြင့် အခြောက်ခံရာတွင် အသီးများအားမကြာခဏ အထက်အောက်လှန်ပေးရသည်။ (၁၂) နာရီခန့်ကြာသော် အသီးမျာလုံလောက်စွာ ခြောက်သွေ့သည်။ ဤနည်းတွင် အသီးများအရောင်လှပခြင်းမရှိ။ အစိမ်းရောင်အနည်းငယ်ကျန်သည်။
အသီးများကို အရောင်းအ၀ယ်ပြုလုပ်ရာတွင် အရောင်သည် အရေးကြီး၏ ။ အညိုရောင်အသီးကို အလိုရှိသော် ခက်ပါးပါးဖြန့်ပြီး မကြာခဏမလှန်ပဲ ထားခြင်းဖြင့် မီးရှိန်ပိုမိုရပြီး ညိုလာသည်။ နေဖြင့်အခြောက်လှန်းပါက (၃ -၄) နေလှန်းရသည်။ နေ့တွင်နေလှန်း၍ ညတွင် အအေးခံ၏ ။ စိုလိုက် ခြောက်လိုက်ဖြင့် အသီးရောင်တဖြည်းဖြည်း ကျွတ်သွားမည်။ အချို့နေလှန်းစဉ် အသီးများအပေါ် ရေမကြာခဏ ဆွတ်ပေးပြီး ခြောက်သွားပါက တစ်ဖန် ပြန်ဆွတ်ပေးရ၏ ။ လိုသော အရောင်ရလျှင် နောက်တစ်နေ့နေပြပြီး ခြောက်သွားပါက တစ်ဖန်ရေဆွတ်ပေးရသည်။ လိုသောအရောင်ရလျှင် နောက်တနေ့ နေပြပြီး သိမ်းထားသည်။
အညှာများ ဖြတ်ခြင်းနှင့် အဆင့်ခွဲခြင်း
အသီးအညှာများကို လက်ဖြင့် သို့မဟုတ် စက်ကရိယာဖြင့် ချွေဖြတ်ပစ်ရသည်။ ထို့နောက် အသီးကို အရောင်ပေါ်မူတည်၍ အကြီး အလတ် များပေါ်တင်၍ ကန့်ခိုး၊ ကန့်ငွေ့များ လွှတ်ပေးပြီးနောက် ထုပ်ပိုးပြီး နိုင်ငံခြားသို့ တင်ပို့သည်။
အသုံးးပြုခြင်း
မီးယပ်ငုပ်ခြင်း၊ ထိန်ကျန်ခြင်းနှင့် မီးယပ်သွေးဆုံးရောဂါများအတွက် ဖော်စပ်သော သွေးဆေးများတွင် လည်းကောင်း၊ ကျောက်ငန်း၊ ကျောက်ရူးရောဂါအတွက် ဖော်စပ်သော ကျောက်ဆေးများတွင် လည်းကောင်း၊ အပူ အပွင့်ဆေး၊ အစာကြေ ဆေး နှင့် လေဆေးများဖော်စပ်ရာတွင် လည်းကောင်း၊ ဖာလာကို ထည့်သွင်းဖော်စပ်သုံးသည်။
ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းနာခြင်းစသော ရောဂါများ အတွက် ဖာလာစေ့ကို ကြိတ်ပြီး ပျားရည်နှင့် ရော၍ လျှက်ပေးရသည်။
အစားအသောက် အနေနှင့် ဒန်ပေါက်ထမင်း၊ ချက်ရာ၌လည်းကောင်း၊ ဟင်းမွှေး မဆလာတွင် လည်းကောင်း ထည့်သွင်းအသုံးပြုကြသည်။
ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းနာခြင်းစသော ရောဂါများ အတွက် ဖာလာစေ့ကို ကြိတ်ပြီး ပျားရည်နှင့် ရော၍ လျှက်ပေးရသည်။
အစားအသောက် အနေနှင့် ဒန်ပေါက်ထမင်း၊ ချက်ရာ၌လည်းကောင်း၊ ဟင်းမွှေး မဆလာတွင် လည်းကောင်း ထည့်သွင်းအသုံးပြုကြသည်။
စိုက်ပျိုးသုတ ပစ္စယ
No comments:
Post a Comment